ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇန်နဝါရီလ ၁၇ ရက်
ချင်းပြည်နယ်၊ မတူပီမြို့၊ CDF-Matupi၊ တပ်ရင်း(၂)ထိန်းချုပ်ထားသော နယ်မြေထဲသို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ယမန်နေ့တွင် ထိုးစစ်ဆင်လာခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားကာ CDF-Matupiရဲဘော်တစ်ဦးကျဆုံးသွားကြောင်း CDF-Matupiက သတင်းထုတ်ပြန်ထားသည်။
CDF-Matupi ထိန်းချုပ်ထားသော မတူပီ-ဟားခါးလမ်းမရှိ ငလိုင်ကျေးရွာကို စစ်ကောင်စီတပ်က ရုတ်တရုက်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး M4-၂ လက်၊ ခါးချိုး- ၂လက်၊ ဆိုင်ကယ် ၁၁ စီး၊ ဖုန်း-၇ လုံး၊ ကျည်ဆံအများအပြားနှင့် မြန်မာငွေ ၁၅ သိန်းခန့် သိမ်းဆည်းခံခဲ့ရကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ရုတ်တရက်ဝင်ရောက်စီနင်းတိုက်ခိုက်ခံခဲ့ရတဲ့အတွက် ထိန်းချုပ်နယ်မြေတစ်ချို့ လက်လွှတ်ခဲ့ရပါတယ်။ ယမန်နေ့မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်။ ကျွန်တော်တို့ဘက်က ရဲဘော်တစ်ဦး တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူသွားခဲ့ပါတယ်။ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနိုင်ပါတယ်´´ဟု CDFရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ငလိုင်ကျေးရွာကို လက်လွှတ်ခဲ့ရခြင်းကြောင့် ယမန်နေ့၊ နံနက် ၇ နာရီအချိန်ခန့်က ငလိုင်ကျေးရွာရှိ ပြည်သူနေအိမ် ၃ လုံးကို စက်ကြီးဖြင့် ဖြိုခွင်းခဲ့သလို နေအိမ် ၂ လုံးကိုလည်း ထပ်မံမီးရှို့ခဲ့ကာ နေအိမ်များဖောက်ထွင်းခိုးယူခံနေရကြောင်းသိရသည်။
“စစ်ကောင်စီဘက်က ၁ ဦးသေဆုံးတယ်။ သတင်းအတိအကျမသိရသေးတဲ့အတွက် စစ်ကောင်စီဘက်က သေဆုံးသူနဲ့ ဒဏ်ရာရသူတွေ ဒီထက်လည်း ပိုနိုင်သေးတယ်။ ကျွန်တော်တို့ဘက်ကလည်း အစွမ်းကုန်ခုခံတိုက်ခိုက်သွားပါမယ်´´ဟု ၎င်းကပင် ဆက်လက်ပြောဆိုသည်။
မတူပီမြို့တွင် အခြေစိုက်ထားသော စစ်ကောင်စီတပ်ရင်းအသီးသီးတွင် ဖုန်းလိုင်းအပါအဝင် ဝိုင်ဖိုင်များပါ ကောင်းမွန်စွာအသုံးပြုထားသော်လည်း အများပြည်သူလူထုများအသုံးပြုထားသော ဖုန်းလိုင်းများကို နှစ်ပတ်ကျော်အထိဖြတ်တောက်ပိတ်ပင်ထားကြောင်း ဒေသခံများထံမှ သိရသည်။