ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၆ ရက်

စစ်ကောင်စီတပ်က ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ အရေးကြီးလုံခြုံရေးစောင့်ရတဲ့နေရာတွေမှာ ဒရုန်းပစ်လက်နက်တွေကိုပါ အသုံးပြုလာတယ်လို့ စစ်ကောင်စီတပ်အသိုင်းဝိုင်းက သိရပါတယ်။

စစ်ကောင်စီတပ်က ဝန်ကြီးချုပ်ခရီးစဉ်လမ်းကြောင့်နဲ့ စစ်ကောင်စီတပ်အခြေစိုက်စခန်းတွေ ဌာနဆိုင်ရာရုံးတွေနဲ့ စစ်ကောင်စီခန့် ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေနေတဲ့ရုံးတွေမှာ ဒရုန်းပစ်လက်နက်တွေကို အသုံးပြုလာတာလို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

” သင်တန်းတွေပေးထားတာတော့ကြာပြီ ထုတ်ပေးတာတော့ လဆန်းပိုင်းကမှစထုတ်ပေးတာ၊ ဒီဘက်မှာက ဒရုန်းနဲ့လာပစ်တာသိပ်မရှိတော့ နေရာအများကြီးတော့ ထုတ်မပေးသေးဘူး”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီတပ်ကအသုံးပြုလာတဲ့ ဒရုန်းပစ်လက်နက်တွေဟာ တရုတ်နိုင်ငံကတင်သွင်းလာတဲ့ လက်နက်အမျိုးအစားတွေဖြစ်ပြီး အကွာအဝေး ဘယ်လောက်ထိပစ်နိုင်တယ်ဆိုတာတော့ မသိရသေးဘူးလို့ဆိုပါတယ်။

ဧရာဝတီတိုင်းမ်ကရရှိထားတဲ့ ဓာတ်ပုံထဲမှာတော့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့အမှတ်အသားပါတဲ့ ရဲအရာရှိ တစ်ယောက်က ဒရုန်းပစ်သေနတ်ကိုင်ပြီး ကောင်းကင်ကို ချိန်ရွယ်နေတဲ့ပုံစံတွေ့ရှိရပါတယ်။

စစ်ကောင်စီတပ်က ဧရာဝတီတိုင်းမှာ ၂၀၂၂ ခုနှစ်အတွက် အလှူ၊ မင်္ဂလာဆောင်တွေမှာ ဓာတ်ပုံမှတ်တမ်းရိုက်ကူးဖို့အတွက် အသုံးပြုတဲ့ ဒရုန်းတွေအပါဝင် ဒရုန်းတွေလာအပ်ဖို့နဲ့ ဖမ်းမိရင် အရေးယူမယ်လို့လည်း မြို့နယ်တိုင်းမှာ လိုက်လံကြေညာခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။