ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၆ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဇန်နဝါရီလ ၁၆ ရက်နေ့ မနက်ပိုင်းကစတင်ကာ တိုက်ပွဲတွေပြင်းထန် နေတာကြောင့် စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ပါ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသကာကွယ်ရေးတပ်တွဲနဲ့ စစ်ကောင်စီတပ်အကြား ဇန်နဝါရီလ ဒုတိယပတ်ကစတင်ကာ ထိတွေ့ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် လက်ပံတောင်းတောင်တဝိုက်က ကျေးရွာတွေကို စစ်ကောင်စီတပ် ဘက်က စစ်ကြောင်းထိုးဝင်ရောက်စီးနင်းတာတွေပြုလုပ်နေသလို ဒီနေ့မနက်ပိုင်း ၁၂ နာရီဝန်းကျင်လောက်မှာ လေယာဉ်နဲ့ပါ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

“ တိုက်ပွဲဖြစ်တာက ၁၀ နာရီဝန်းကျင်လောက်မှာ စဖြစ်တာ၊ နောက်တော့ ၁၂ နာရီဝန်းကျင်လောက်မှာ လေယာဉ်နဲ့လာပစ်တာ၊ နေ့လည် ၁ နာရီလောက်မှ ပြန်သွားတယ်၊ ဆားလင်းကြီးအရှေ့ပိုင်းက ရွာမှာ တိုက်ပွဲ ဆက်ဖြစ်နေပါတယ်” ဒေသခံကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဆားလင်းကြီးအရှေ့ရွာမှာဖြစ်နေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၂၀ ဝန်းကျင်သေဆုံးခဲ့သလို ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က ၁ ဦးကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ လက်ပံတောင်းတောင်ဒေသကို စစ်ကောင်စီတပ်ဘက်က လေယာဉ်အသုံးပြု တိုက်ခိုက်တာတွေပြုလုပ်လာတာကြောင့် ညောင်ပင်ကြီး၊ ထန်းတောကြီး၊ ရွှေလှေ၊ ဝက်မှေး၊ တုံတောကျောင်း၊ တုံအလယ်၊ ဇီးတော၊ ရွာသစ်၊ ဝဲကြီးနဲ့ ဝဲကွဲစတဲ့ကျေးရွာတွေက ဒေသခံပြည်သူတွေက ထွက်ပြေးတိမ်းရှောင် နေရပြီး လေယာဉ်နဲ့ဗုံးကျဲမှာကို စိတ်ပူနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်လာပြီးနောက်ပိုင်း စစ်ကောင်စီ တပ်ဘက်က ကျေးရွာတွေကို ဝင်ရောက်မီးရှို့ စီးနင်းတာတွေပြုလုပ်ခဲ့တာကြောင့် လက်ပံတောင်းတောင် အနီးတဝိုက်မှာရှိတဲ့ ကျေးရွာတွေကနေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူ ၃ သောင်း ကျော်လောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ – စစ်ကောင်စီတပ်မှ ဆားလင်းကြီးမြို့နယ်အတွင်း လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဗုံးဆန်တစ်ခုအား မြင်တွေ့ရစဥ်။