ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၆ ရက်
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ရေဦးမြို့နယ် ချမ်းသာကြီးရွာရှိ ၁၂၉ နှစ်သက်တမ်းရှိ ကက်သလစ်ဘုရား ရှိခိုးကျောင်းကို ဇန်နဝါရီလ ၁၅ ရက် ယမန်နေ့က စစ်ကောင်စီတပ်များမှမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ် ခမရ ၃၆၄ နှင့် ခမရ ၇၀၁ တပ် ပူးပေါင်းစစ်ကြောင်းက ဇန်နဝါရီလ ၁၄ ရက် နေ့တွင် ဘုရားကျောင်းအတွင်း တပ်စွဲကာညအိပ်ခဲ့ပြီးနောက် ယမန်နေ့မနက်ပိုင်းတွင် ချမ်းသာကြီးရွာမှမထွက်ခွာမီ အဆိုပါဘုရားကျောင်းအပါအဝင် နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးခဲ့ရာ ဘုရားကျောင်းမှာမီးလောင်ပြာကျခဲ့ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
“ဒီကောင်တွေက ပြီးခဲ့တဲ့ မေလ ကစပြီးမီးရှို့လာတာ အခုအထိပါဆို ၄ကြိမ်ရှိပါပြီ။ ၁၄ ရက်နေ့ မနက်ပိုင်းကဒီကောင်တွေဘုရားကျောင်းကြီးထဲမှာဝင်ပြီးစခန်း ချညအိပ်တယ်။အိမ်တွေကိုတော့ အဲ့ဒီနေ့ နေ့လည် ၂ နာရီလောက်ထဲကဝင်ပြီးမီးရှို့တာ။ ရွာထဲမှာရှိတဲ့ ဘုန်းကြီးတွေနဲ့ရွာသူရွာသားတွေက ဘုရားကျောင်းကြီးကိုမီးမရှို့ဖို့တစ်ညလုံးဆုတောင်းခဲ့ကြတာဘဲ ။ မရပါဘူး မနက်ကျတော့သူတို့ထွက်ခါနီးရှို့သွားတယ် ” ဟု People`s Defense Comrade ရေဦးအဖွဲ့မှ ကိုအမေ့သားက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ ချမ်းသာကြီးရွာသည် ရေဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်ချိန်မှစ၍ ၄ ကြိမ်မြောက် မီးရှို့ခံရခြင်းဖြစ်ပြီး ချမ်းသာကြီးရွာအား မီးရှို့ခဲ့ပြီးနောက် ကုန်းသာကျေးရွာကိုဝင်ရောက်မီးရှို့ကာ ပြန် လည်တည်ဆောက်ထားသည့် ယာယီတဲများပါ ထပ်မံမီးရှို့ခံခဲ့ရကြောင်းဒေသခံများကပြောသည်။
ဒီဇင်ဘာလအတွင်းမှာပင် ရေဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်မီးရှို့မှုများကြောင့် ကျေးရွာ ၁၇ ရွာနှင့် အိမ်ထောင်စု ၁၆၃၀ မီးဘေးသင့်ခဲ့ကာ လူဦးရေထောင်နှင့်ချီ စားစရာ ၊ စောင်၊ အနွေးထည် လိုအပ်မှုများရှိနေကြောင်း PDC ရေဦးအဖွဲ့ထံမှသိရသည်။
#ရေဦး #ချမ်းသာကြီးရွာ #ကသလစ် #ဘုရားကျောင်း #ဘာသာရေးအဆောက်အဦး #စစ်ကောင်စီ တပ် #မီးရှို့ #AyeyarwaddyTimes
………………………………………….
Ayeyarwaddy Times သတင်းဌာန စာဖတ်ပရိတ်သတ်တွေရဲ့ သဘောထားအမြင်များကို သိရှိလိုတဲ့အတွက် အောက်ဖော်ပြပါလင့်ခ်ကိုနှိပ်ပြီး စစ်တမ်းကို ဝင်ရောက်ဖြေဆိုပေးကြဖို့ မေတ္တာရပ်ခံတိုက်တွန်းအပ်ပါတယ်။