ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၆ ရက်

မကွေးတိုင်း၊ ပေါက်မြို့နယ် သရက်တောစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဇန်နဝါရီ ၁၄ရက်နေ့ မွန်းလွဲပိုင်းက ခရီးသည်တင်ကားဖြင့်လိုက်ပါလာသည့် ချင်းလူငယ် ၁၆ ဦး ဖမ်းဆီးခံခဲ့ရကြောင်းသတင်းရရှိသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့ မှ မကွေးတိုင်း၊ ပခုက္ကူ မြို့သို့ထွက်ခွာလာသည့် ခရီးသည်တင်မှန်လုံ၂စီးကို အဆိုပါ စစ်ဆေးရေးဂိတ်မှတားဆီးစစ်ဆေးရာမှ ချင်းလူငယ် ၁၆ ဦးကို ဖမ်းဆီးခံရာခြင်းဖြစ်ကာ ကားများကိုလည်း ပြန်လည်ထွက်ခွာခွင့်မပေးသေးကြောင်း ဒေသတွင်း PDF တပ်ဖွဲ့ဝင်တစ်ဦးကပြော သည်။

“အဲ့ဂိတ်က စစ်ကောင်စီတပ်အင်အား ၂၅ ဦးယောက်လောက်ရှိတယ်။ မင်းတပ်ကနေ ပခုက္ကူကိုဆင်းတဲ့ မှန်လုံ၂ စီးထဲက ပါလာတဲ့ လူငယ် ၁၆ ဦးကို ဖမ်း ထားတယ်လို့သိရတယ်ဗျ၊ချင်းလူငယ်‌ တွေလို့သိရတယ် ၊ယောက်ျားလေး မိန်းကလေး ဘယ်နှစ်ယောက်လဲတော့ အတိကျမသိရဘူး။ အဲ့ဒီဂိတ်က အရင်ကလဲ မင်းတပ်နဲ့ယောဒေသက လူငယ် အတော်များများကိုလည်း ဖမ်းဆီးခဲ့တာတွေရှိသလို အချို့ပြည်သူတွေဆိုရင် ရိုက်နှက်ခံရတာတွေရှိ ခဲ့ဖူးတယ်၊ဒီအချိန်မှာ လူငယ်တွေအနေနဲ့ သတိထားပြီး ခရီး သွားလာကြပါ”ဟု Successful Force – Pauk အဖွဲ့မှ ကိုလိပ်ပြာ ကဧရာဝတီတိုင်းမ်ကိုပြောသည်။

ဖမ်းဆီးခံရသည့် လူငယ်များနှင့် ကား၂ စီးစလုံးကို ပေါက်မြို့ ကပစ ၂၄ တပ်အတွင်းခေါ်ဆောင်သွားပြီး ယမန်နေ့ညနေပိုင်းအထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ၄င်းကဆက်လက်ပြောသည်။

အဆိုပါစစ်ဆေးရေးဂိတ်သည် ပေါက်မြို့နှင့် ၂ မိုင်ခန့်ကွာဝေးပြီး ပေါက်မြို့နယ်အတွင်း စစ်ဆေးရေးဂိတ် ၅ ခုချကာ ဒေသခံများကို မတရား စစ်ဆေး၍ ငွေတောင်းခံမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှသိရသည်။