ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၅ ရက်

ကရင်နီ(ကယား)ပြည်နယ်ရှိ စစ်ဘေးရှောင် ပြည်သူ တစ်သိန်းနီးပါးအတွက်နေ့စဥ်သောက်သုံးရေဂါလံ ၁၀၀၀ နီးပါးအထိလိုအပ်မှုရှိနေကြောင်း ကရင်နီပြည်နယ်စစ်ဘေးရှောင်များ ကူညီပေးနေသည့် အဖွဲ့ထံမှသိရသည်။

ကရင်နီဒေသအတွင်းရှိ ဒီးမော့ဆိုမြို့နယ်နေရာအချို့နှင့်ဖယ်ခုံမြို့နယ်ရှိနေရာအချို့တွင် ယခင်ကရေရှားပါးသဖြင့်မိုးရာသီတွင် ရေသိုလှောင်ထားရသည့် နေရာများတွင် အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွားနေသည့်အတွက် သောက်သုံးရေလိုအပ်ချက်များ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။

“ရေက ကျွန်တော်တို့ ရေရှိတဲ့နေရာကနေ ရေမရှိတဲ့နေရာကိုတင်ရပါတယ်ဗျ။ နောက်ကျွန်တော်တို့ဒေသမှာ ရေချောင်းတွေက ခပ်ရှားရှားပါအချို့ရေရှိတဲ့နေရာတွေကလည်းစစ်မြေပြင်ဖြစ်နေတော့ဘယ်သူမှာသွားမယူရဲကြဘူး။ စစ်ရှောင်တွေများလာလေ ရေလိုအပ်မှုပိုလာပါတယ်။ ရေကလည်းစက်နဲ့စုပ်ယူရတာပါ။ ပရဟိတအဖွဲ့တွေတော့လာတင်ပေးတာရှိပါတယ်”ဟု ကရင်နီပြည်စစ်ရှောင်ပြည်သူများကူညီစောင့်ရှောက်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကဧရာဝတီတိုင်းမ်ကို ပြောသည်။

ကရင်နီပြည်နယ်တွင် စစ်ဘေးရှောင်ပြည်သူ ၂ သိန်းကျော်အထိရှိနေပြီ အစားအစား၊ အနွေထည်၊ စောင် လိုအပ်ချက်ရှိနေပြီး သောက်သုံးရေလိုအပ်ချက်အတွက် ရေတင်ရန် စက်သုံဆီများ လှူဒါန်းပေးကြရန် အဆိုပါအဖွဲ့မှ တိုက်တွန်းထားသည်။

#ကရင်နီ #စစ်ဘေးရှောင် #သောက်သုံးရေ #ဂါလံ #လိုအပ်ချက်
#Ayeyarwaddy_Times
0 comments