ဟိန်းစံ / ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၅ ရက်
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ ထိန်းချုပ်နယ် မြေ၊ ဝင်းရေးမြို့နယ်၊ ဘုရားသုံးဆူ – သံဖြူဇရပ်ကားလမ်းမှာ စစ်ကောင်စီတပ် တောင်စွန်းရှေ့တန်းစစ်စခန်းကိုပို့ဆောင်မယ့် ရိက္ခာ၊ခဲယမ်းတင်ဆောင်လာတဲ့ ကား ၄ စီး ဇန်နဝါရီလ ၁၄ ရက် မနေ့မနက် ၁၁ နာရီလောက်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ နယ်မြေခံတပ်သတင်းရင်းမြစ်တွေဆီကသိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ရိက္ခာတွေကို အရပ်ဖက်ယာဉ် ၄ စီးနဲ့တင်ဆောင်လာတာဖြစ်ပြီး ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းပိုင်း သံပုရာ(ပနောကလဲ)ရွာအနီးမှာ ဖမ်းဆီးခံလိုက်ရတာလို့သိရပါတယ်။
ကားတွေပေါ်မှာ စစ်ကောင်စီတပ်ရိက္ခာဆန်အိတ် ၁၀၀ ဝန်းကျင်၊ စားဆီ ၊ ပဲ ၊ငရုတ်သီးခြောက် စတဲ့ ရိက္ခာ တွေအပြင် ရှေ့တန်းကိုပို့ဆောင်ပေးမယ့် ကျည်ဆံတွေအများအပြားပါဝင်ပြီး အဲ့ဒီရိက္ခာနဲ့ကျည်ဆံတွေအားလုံး ဆုံးရှုံးသွားတယ်လို့ ပြောပါတယ်။
”ပို့တာက တပ်မဟာ ၆ နယ်မြေထဲကဘဲ အနန်းကွင်းဘက်ကနေပို့တာလို့သိရတယ် ၊ ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းပိုင်း သံပုရာရွာနားမှာ ဖမ်းခံလိုက်ရတာ။ ကားတွေက 4 wheel ကားအသေးတွေ ၄ စီးခွဲပြီး ရိက္ခာဆန်အိတ်တွေနဲ့ ခဲယမ်း(ကျည်ဆံ)တွေတင်ထားတာ။ ဆန်အိတ်က ၁၀၀ လောက်ရှိတယ်၊ ကုလားပဲ၊ဆီ၊ငရုတ်သီးအကုန်ပါသွားတယ်။ ကျည်ဆံတွေလည်း ၃၀၀၀၊ ၄၀၀၀ လောက်ပါသွားတယ်” လို့ နယ်မြေခံတပ်သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဖမ်းဆီးခံရပြီးတဲ့နောက် ရိက္ခာနဲ့ခဲယမ်းတွေတင် ဆောင်လာတဲ့ အရပ်ဖက်ယာဉ်တွေနဲ့ ယာဉ်မောင်းတွေ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ ပြောဆိုပေမယ့် အတည်မပြုနိုင်သေးပါဘူး။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ KNU နဲ့ တပ်မဟာ ၆ နယ်မြေထဲက PDF စစ်ကြောင်းတွေဘက်က သတင်းထုတ်ပြန်တာမျိုးမရှိသေးသလို ဘယ်အဖွဲ့ကဖမ်းဆီးတယ်ဆိုတာကိုတော့ သီးခြားအတည်မပြုနိုင်ပါဘူး ။
စစ်ရိက္ခာ၊ ခဲယမ်းတွေ ပို့ဆောင်မယ့် တောင်စွန်းရွာစစ်ကောင်စီရှေ့တန်းစစ်စခန်းတွေကို ဒီဇင်ဘာလကုန်နဲ့ အခုလဆန်းပိုင်းမှာ ကရင်တော်လှန်ရေးပူးပေါင်းမဟာမိတ်စစ်ကြောင်းတွေက ဝိုင်းဝန်းတိုက်ခိုက်ခဲ့လို့ စခန်း ၂ ခုသိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကထိခိုက်သေဆုံးများခဲ့သလို တော်လှန်ရေးအဖွဲ့တွေဘက်ကလည်းကျဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။