ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၅ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာကျေးရွာနှင့်ကိုင်းကျေးရွာတို့ကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်သားများ ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် အလစ်ဝင်ရောက်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သားများသည် ၊ ဖောင်းကတာကျေးရွာနှင့် ကိုင်းကျေးရွာတို့ကို မီးရှို့ဖျက်ဆီးနေချိန်တွင် ဓားမဆိုင်းတပ်မတော် ပူးပေါင်းအဖွဲ့မှ အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း ဓားမဆိုင်းတပ်မတော် တပ်ဖွဲ့ဝင်များကပြောသည်။

“ကျွန်တော်တို့ ဒီတိုက်ပွဲကို လုံခြုံရေးအရ ဒီနေ့မှထုတ်ပြန်တာပါ။ဒီကောင်တွေကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တော့ ထိခိုက်မှုများသလို သေဆုံးသူလဲများပါတယ်။ ကျွန်တော်တို့ဘက်က တစ်ယောက်ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ် မစိုးရိမ်ရပါဘူး။နောက်ပိုင်း စစ်ကောင်စီဘက်က အင်အားများလာပြီးစစ်ကြောင်းနှစ်ကြောင်းနဲ့ ပြန်လည်တိုက်ခိုက်ခဲ့လို့ ကျွန်တော် တို့ပြန်လည်ဆုတ်ခွာခဲ့ပါတယ်” လို့ ဓားမဆိုင်းတပ်မတော် ခေါင်းဆောင် ဗိုလ်စွမ်းသူမောင်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

၎င်း တိုက်ပွဲကို ဓားမဆိုင်းတပ်မတော် ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ နှင့် အတူ မုံရွာခရိုင်တပ်ရင်း ၇၊ Monywa The Boy မုံရွာခရိုင် တပ်ရင်း ၄၊ Salingyi Revolution Army ၊ ချင်းတွင်းကာကွယ်ရေးတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးရဲဘော်များ နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။