ဧရာဝတီတိုင်းမ်
(ထန်းတပင်)၊ ဇန်နဝါရီလ ၁၅ ရက်

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေးဌာန(စ.စ.စ)မှ ဒုစုံစမ်းစစ်ဆေးရေးမှူးနောင်နောင်လတ်က ဒေသခံပြည်သူများအပေါ် ခြိမ်းခြောက်ငွေညှစ်နေကြောင်း သတင်းရရှိသည်။

အထူးစုံစမ်းစစ်ဆေးရေးဌာန(စ.စ.စ)မှ ဒုစုံစမ်းစစ်ဆေးရေးမှူးနောင်နောင်လတ်က ​တူချောင်းကျေးရွာ၊ ထိန်ကုန်းကျေးရွာ၊ အေးမြို့ကျေးရွာများသို့ရောက်ရှိလာကာ မြေပွဲစားများနှင့် ဒေသခံပြည်သူများအပေါ် ကျပ် ၂ သောင်းမှ သိန်း ၄၀ အထိ ခြိမ်းခြောက်ငွေညှစ်နေကြောင်း ဒေသခံများက ပြောသည်။

၎င်းက ပြည်သူပိုင်မြေများကို ဖျက်မိန့်ကြထားသ​ည်ဟုဆိုကာ ဒေသခံပြည်သူများအနေဖြင့် မဖျက်လိုပါက အထက်သို့စာတင်ရန် တစ်အိမ်လျှင် ငွေကျပ် ၂ သောင်း နှုန်းဖြင့် ခြိမ်းခြောက်ငွေတောင်းသွားသည်မှာ အိမ်ခြေ ၆၀ ခန့်ကြောင်း ဒေသခံများထံမှ သိရသည်။

“လယ်ပိုင်ရှင်တွေကို လယ်ယာမြေဆိုတာရောင်းလို့ဝယ်လို့မရဘူး။ ဒါကြောင့် လယ်ပိုင်ရှင်နဲ့ မြေပွဲစားတွေကိုတရားစွဲလို့ရတယ်။ ပြစ်မှုဆိုင်ရာ ၄၀၉ ပုဒ်မနှင့်ညိကြောင်း ဒါကြောင့် အမှုဖွင့်ရင်သူကိုယ်တိုင်ဖွင့်ရမှာဖြစ်ပြီး အမှုဖွင့်မခံချင်ရင် အထက်ကိုဂါရဝပြုရမယ်လို့ ပြောတယ်။ သိန်း ၃၀ အထက် ပေးရမယ်ပြောတယ်” ဟု ထန်းတပင်မြို့နယ်မှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းကဲ့သို့ ငွေကြေးတောင်းခံမှုများကို ထိန်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနိုင်စိုးမှ လိုက်လံကောက်ခံပေးခြင်းဖြစ်ကြောင်း အဆိုပါ အုပ်ချုပ်ရေးမှူးနိုင်စိုးမှာ လှိုင်သာယာမြို့နယ်(အနောက်ပိုင်း)တွင်လည်း လိုင်းကြေးကောက်ခံနေသူဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။