ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇန်နဝါရီ ၁၅
ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ CDF-Matupi၊ တပ်ရင်း-(၂) ထိန်းချုပ်ထားသော နယ်မြေဘက်သို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ယနေ့၊ နံနက်ပိုင်းတွင် ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။
“စစ်ကောင်စီတပ်တွေက အင်အား ၁၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာတဲ့အတွက် ဒီနေ့ မနက် ၉ နာရီခန့်ကနေ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ စစ်ကောင်စီတပ်ဘက်က ၄ ဦးသေဆုံးတယ်လို့ သိရပေမယ့် ရှေ့တန်းအဖွဲ့နဲ့ အဆက်သွယ်မရသေးဘူးဆိုတော့ အတည်ပြုလို့တော့ မရသေးဘူး။ အခုထိ တိုက်ပွဲပြင်းထန်နေတုန်းပဲ”ဟု CDF-Matupi၊ တပ်ရင်း (၂) တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် တိုက်ပွဲပြင်းထန်နေပြီး လက်နက်အင်အားမမျှတသည့်အတွက် CDF-Matupi၊ ထိန်းချုပ်ထားသော နယ်မြေတစ်ချို့ လက်လွှတ်ခဲ့ရကြောင်း CNAအပါအဝင် အခြားတပ်ရင်းမှ စစ်ကူအမြန်ဆုံးလွှတ်ပေးရန်လည်း တောင်းဆိုထားသည်။
မတူပီမြို့တွင် စစ်ကောင်စီက ဖုန်းလိုင်းများပြတ်တောက်ထားမှုကြောင့် တပ်ရင်းတစ်ခုနှင့်တစ်ခု ဆက်သွယ်ရန်နှင့် စစ်ကူတောင်းရန် အခက်ကြုံနေရကြောင်းသိရသည်။
#မတူပီ #CDF #စစ်ကောင်စီ #ထိုးစစ်ဆင် #တိုက်ပွဲ
#Ayeyarwaddy_Times