ဧရာဝတီတိုင်းမ်
ဇူလိုင် ၆/ ၂၀၂၂
နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့ရာ နှင်းဆီအိမ်တော်ရှိ အတူနေထိုင်ခဲ့သူများ၊ အိမ်အသုံးအဆောင် ပစ္စည်းများနှင့် နိုင်ငံတော်အတိုင်ပင်ခံ၏ သားအငယ်က လက်ဆောင်ပေးခဲ့သော ခွေးဖြစ်သည့် တိုက်ချီတို တို့ကို ရန်ကုန်၊ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ သို့ ပြီးခဲ့သည့် စနေနေ့က ပို့ဆောင်ခဲ့ကြောင်း နေပြည်တော်ရှိ သတင်းရင်းမြစ်များထံမှ သိရသည်။
မည်သည့်အတွက်ကြောင့် ယခုလို လုပ်ဆောင်သည်ကို ဧရာဝတီတိုင်းမ်အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်ရှိ အချုပ်ထောင်တွင်းရှိ သီးသန့်အဆောင်တွင် အကျဉ်းဦးစီးဌာန ဝန်ထမ်း ၃ ဦးဖြင့် တဦးထဲ အကျဉ်းကျခံနေရသည်။
”ဖြစ်နိုင်တာက နှင်းဆီအိမ်တော်ကို စစ်ကောင်စီက ချိတ်ပိတ်မှာလား။ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်ကို အခုနိုင်ငံတကာဖိအားကြောင့် ခြံ ၅၄ ထဲကို ပြန်ထားမှာလား။ ရန်ကုန်မှာ ပြန်ထားဖို့ကတော့ ဖြစ်နိုင်ခြေလုံးဝမရှိဘူးလို့ ကျနော်သုံးသပ်တယ်။ ဒါပေမယ့် ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲဆိုတာတော့ ကျနော်မသိသေးဘူး။ ဆက်တော့စောင့်ကြည့်ရမှာပေါ့” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနှင့် နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်ကောင်စီက အမှုပေါင်း ၁၉ မှုဖြင့် တရားစွဲကာ အမှု ၆ မှုအတွက်ထောင်ဒဏ် ၁၁နှစ် ချမှတ်ခဲ့သည်။ ကျန်နေသည့် အမှုများကိုလည်း အကျဉ်းထောင်အတွင်း သီးသန့်အဆောင်မှာပင် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်ရှိနေသော အမှုများတွင် စစ်ကောင်စီက တရားလိုပြသက်သေနှင့် စွပ်စွဲခံရသူဘက်မှတင်သွင်းသော သက်သေများကို လျော့ချလိုက်ကြောင်း သိရသည်။