
မင်းခ/ဧရာဝတီတိုင်းမ်
ပုသိမ်၊ ဇူလိုင်လ ၆ ရက်
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်လာမှာကြောင့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့က စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေ ကြိုတင်ပြီး သန့်ရှင်းရေးပြုလုပ်ခဲ့ရတယ်လို့ ပုသိမ်မြို့အချို့ထံမှ သိရပါတယ်။
မင်းအောင်လှိုင်ဟာ ဇူလိုင်လ ၄ ရက်နေ့နဲ့ ၅ ရက်နေ့တွေမှာ ပုသိမ်မြို့သို့ လာရောက်ခဲ့တာဖြစ်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ ဘုရားများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ မြို့ပေါ်ရပ်ကွက်များတွင်သာမက ချောင်းသာကမ်းခြေနဲ့ ကျေးရွာများအထိပါ သန့်ရှင်းရေးလုပ်ဆောင်ခဲ့ရတာလို့ စစ်ကောင်စီနဲ့ နီးစပ်သူအချို့က ဆိုပါတယ်။
” ဇူလိုင် ၁ ရက်၊ ၂ ရက်လောက်ကတည်းက ရွှေမုဌောဘုရား၊ ရွှေစည်းခုံဘုရားတွေမှာ သန့်ရှင်းရေးလုပ်နေကြရတာ။ ယူနီဖောင်းတွေနဲ့လုပ်နေကြတာ။ အစကတော့မသိဘူး။ နောက်မှ မင်းအောင်လှိုင်လာမယ်ဆိုပြီး သန့်ရှင်းရေးလုပ်နေတာလို့ သိရတယ်” လို့ ပုသိမ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
မင်းအောင်လှိုင်ဟာ ဇူလိူင်လ ၄ ရက်နေ့ နဲ့ ဇူလိုင်လ ၅ ရက်နေ့တွေမှာ ပုသိမ်မြို့ ဧရာရွှေဝါခန်းမမှာ မင်းအောင်လိူင် နဲ့ ဌာနဆိုင်ရာများ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး လေတပ်စခန်းနဲ့ ရေတပ်စစ်ရေးလေ့ကျင့်မှုတွေကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။
” သန်းရွှေတို့ခေတ်ကလည်း ဒီလိုပဲ။ လူကြီးလမ်းကြောင်းဆို ရုံးတွင်းသန့်ရှင်းရေးရတယ်။ မရှိရှိတဲ့ မြက်ရှာကျန်ပြီးနှုတ်ရတယ်။ ဆေးသုတ်၊ရေနံချေးသုတ်ပေါ့။ အလုပ်အတော်ရှုပ်တာ။ သူတို့က ရုံးရှေ့တောင်ရောက်လာတာမဟုတ်ဘူး။ မယောင်ရာဆီလူးလုပ်ကွက်တွေက အရင်ကတည်းကရှိခဲ့တယ်။ အဲ့ခေတ်က အဘတို့လည်း ကြောက်တော့လုပ်ခဲ့ရတာပဲ။ ခုလည်း ဒီလိုပဲ။ CDM လုပ်ကြရင် စောစောစီးစီးကိစ္စပြတ်မှာ မလုပ်ပဲနေတဲ့သူတွေကတော့ ကြိတ်ခံကြပေါ” လို့ ပုသိမ်မြို့ခံ အငြိမ်းစား ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပုသိမ်မြို့နယ် စစ်ကောင်စီက မြို့နယ်လုံးကျွတ်သန့်ရှင်းရေးကို ဇူလိုင်လ ၂ ရက်နေ့က မြို့ပေါ်၊ရပ်ကွက်များနှင့် ကျေးရွာများရှိ နေရာ ၈၁ ခုတွင်ပြုလုပ်ခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းနှင့် အဖွဲ့အစည်းများမှ တစ်သောင်းကျော်ပါဝင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းများအနေနဲ့လည်း မြို့တွင်း အပတ်စဥ်သန့်ရှင်းရေး၊ အမှိုက်ကောက်ခြင်းများလုပ်ဆောင်နေရလို့ စိတ်ပျက်နေကြတယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတစ်ဦးထံမှ သိရပါတယ်။
ဓာတ်ပုံ – ပုသိမ်မြို့နယ်စစ်ကောင်စီ