ကိုကိုမောင်/ဧရာဝတီတိုင်းမ်
ရန်ကုန်၊ ဇူလိုင်လ ၆ ရက်

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် ၆ ရပ်ကွက်တွင် ဇူလိုင်လ ၄ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်မှ လမ်းများပိတ်ဆို့ကာ ရပ်ကွက်နေ ပြည်သူအချို့အား ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်များက ၆ ရပ်ကွက်၊ အင်းဝလမ်းအား သေနတ်ပစ်ဖောက်ကာ ဝင်ရောက်ရှာဖွေဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူအချို့က ဆိုသည်။

” အဖမ်းခံရတာတော့ ဘယ်နှစ်ယောက်ရှိလည်းမသိဘူး။ ကျွန်တော်တို့နားက တိုက်ခန်းအမှတ် ၁၄၇ အင်းဝလမ်း လမ်း၂၀က လင်မယား ၂ယောက်ကိုတော့ အောက်ကနေ သေနက်၃ ချက်ပစ်ခတ်ပြီး ဖမ်းဆီးသွားတာတွေ့တယ်။ သူတို့ကနယ်ကနေလာပြီး ရန်ကုန်မှာ ဆေးလာကုသနေကြတာ ဘယ်ကို ဖမ်းဆီးခေါ်ဆောင်သွားလည်းတော့ မသိဘူး” ဟု မျက်မြင်တွေ့ရှိရသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံရသူ ၂ ဦးအနက် မအေးအေးမင်းမှာ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ ခံစားနေရသူဖြစ်ပြီး တောင်ဥက္ကလာပမြို့နယ် ၆ ရပ်ကွက်တွင် တိုက်ခန်းငှား၍ ဆေးကုနေခြင်းဖြစ်ကြောင်း ၎င်း၏ မိသားစုဝင်များထံမှ သိရသည်။

ဖမ်းဆီးခံရသည်မှာ ၂ ရက်ခန့်ရှိပြီးဖြစ်သော်လည်း ယနေ့အချိန်အထိ မည်သည့်နေရာတွင် ဖမ်းဆီးခံထားရသည်ကို မသိရသေးပဲ အဆက်အသွယ်ပြတ်တောက်နေ၍ မိသားစုဝင်များက စိုးရိမ်နေကြသည်။