နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မုံရွာ)၊ ဇန်နဝါရီလ ၁၅ ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသမှာ ဇန်နဝါရီလ ဒုတိယပတ်ကစတင်ပြီး စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းဝင်ရောက် မီးရှို့တာတွေပြုလုပ်နေသလို ဒေသခံတွေကိုလည်း နေ့စဉ် ဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
မုံရွာမြစ်အနောက်ဘက်မှာရှိတဲ့ ညောင်ပင်ကြီးကျေးရွာနဲ့ ထန်းတောကြီးကျေးရွာက ဒေသခံ ၆ ဦးကို ဇန်နဝါရီလ ၁၄ ရက်နေ့က စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က သေနတ်တွေပစ်ပြီးရွာထဲကိုဝင်လာတာ၊ ခုတစ်ခါနဲ့ဆို ၄ ကြိမ်ရှိပြီ၊ မနေ့က ထန်းတောကြီးကျေးရွာက ဒေသခံ ၂ ယောက်နဲ့ ညောင်ပင်ကြီးကျေးရွာက ဒေသခံ ၄ ယောက်ကို ဖမ်းသွားတယ်လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ကကျေးရွာတွေကို ဝင်ရောက်စီးနင်းတဲ့အခါ ဒေသခံတွေကို လမ်းပြအဖြစ်နဲ့ ဖမ်းသွားပြီး မလိုတဲ့နေရာရောက်ရင် သေနတ်နဲ့ပစ်သတ်သွားလေ့ရှိတယ်လို့ ဆိုပါတယ်။
ညောင်ပင်ကြီးကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ရွာမှာ နှစ်ဖွဲ့ခွဲကာ ကျေးရွာရဲစခန်းထဲ ညအိပ်ပြီး ဇန်နဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်းမှဦ ပလောင်ကျေးရွာဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
စစ်ကောင်စီတပ်က လက်ပံတောင်းတောင်ဒေသက တရုတ်ဝမ်ပေါင်ကြေးနီးစီမံကိန်းအနီးက ကျေးရွာတွေကို စစ်ကြောင်း ၃ ကြောင်းနဲ့ ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်စီးတာတွေပြုလုပ်နေတာဖြစ်ပြီး ၁ ပတ်အတွင်း အမျိုးသား ၁ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သလို ၇ ဦးထိဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။