ဧရာ၀တီတိုင်းမ်
ဇန်နဝါရီလ ၁၅ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်အကျဉ်းထောင်မှာ ဇန်နဝါရီလ ၅ ရက်နေ့ ညပိုင်းက ထောင်အာဏာပိုင်းတွေ ခေါ်ထုတ်သွားတဲ့ ကိုဝင်းမင်းထက်(ခ)ကိုမဲကြီးဟာ ဇန်နဝါရီလ ၁၄ ရက်နေ့ထိ ပြန်မတွေ့သေးဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကိုဝင်းမင်းထက်(ခ)ကိုမဲကြီးအပါဝင် နိုင်ငံရေးအကျဉ်းသား ၈ ဦးကို ထောင်အာဏာပိုင်းတွေ ညပိုင်းခေါ်ထုတ်သွားတာဖြစ်ပြီး ကျန်တဲ့ ၇ ဦးကို ပြန်ပို့ပေမယ့် ကိုဝင်းမင်းထက်(ခ) ကိုမဲကြီးကတော့ အဲ့နေ့ကစတင်ပျောက်ဆုံးသွားတာလို့ မိသားစုဝင်တွေက ပြောပါတယ်။
”ခုထိအဆက်သွယ်မရသေးဘူး မိသားစုကို ဆက်သွယ်လာတာမျိုးလည်းမရှိဘူး သေသလာရှင်သလားဆိုတာလည်း အတိကျမသိရဘူး”လို့ မိသားစုနဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ကိုဝင်းမင်းထက်(ခ) ကိုမဲကြီးရဲ့ ဇနီးဖြစ်သူကိုလည်း စစ်ကောင်စီတပ်သားတွေက လိုက်ရှာနေတာကြောင့် နေအိမ်ကနေ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ကိုဝင်းထက်(ခ)ကိုမဲကြီးပျောက်ဆုံးတဲညက ထောင်အာဏာပိုင်တွေ ခေါ်ထုတ်သွားတဲ့ ၈ ဦးထဲက ကိုဝင်းထွန်းနိုင်ရဲ့ ဇနီးဖြစ်သူကိုလည်း စစ်ကောင်စီက ပုဒ်မ ၄၂ နဲ့ အမှုဖွင့်ပြီး မြို့မရဲစခန်းမှာဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။