ဧရာ၀တီတိုင်းမ်
ဇန်နဝါရီလ ၁၅ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းက လုံးခင်းကျေးရွာ ရဲစခန်းဟောင်းထဲ အမျိုးသား အလောင်း ၁ လောင်းတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

လုံးခင်းကျေးရွာအုပ်စုရဲ့ ရဲစခန်းအဟောင်းထဲမှာ ညနေ ၅ နာရီ ၅၀ လောက်က အမျိုးသား အလောင်း ၁ လောင်းတွေ့ရှိခဲ့တာဖြစ်ပြီး အလောင်းပိုင်ရှင်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

”ထင်တာတော့ ဖိုးချပြီးသေတာလို့ထင်တယ်၊ ဘယ်သူမှလည်း မကိုင်ရဲဘူး၊ နောက်ဆုံး သင်္ဂဟအဖွဲ့ပဲ လာပြီး နာရေးချပေးရတာ၊ ရဲလည်း မလာဘူးလို့ပြောတယ်၊ ရဲစခန်းကတော့ အဟောင်းပါ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ထဲကမသုံးတော့တဲ့ စခန်းဟောင်းပါ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပိုင်ရှင်မဲ့အလောင်းတွေ့ရှိခဲ့တဲ့ ရဲစခန်းဟောင်းဟာ လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်လောက်က မသုံးဖြစ်တော့တဲ့ လောပန်းတစ်ဦးရဲ့နေအိမ်ကို ရဲစခန်းလုပ်ထားခဲ့တဲ့နေရာဖြစ်တယ်လို့ ဆိုပါတယ်။

ဖားကန့်မြို့နယ်ထဲက ကျောက်တွင်းရှိတဲ့နေရာတွေနဲ့ အနီးတဝိုက်မှာ ဘိန်းခန်းတွေ မူးယစ်ဆေးဝါးသုံးတဲ့နေရာတွေ စစ်အာဏာသိမ်းပြီးများပြားလာတာကြောင့် ခုလိုမျိုး ဆေးလွန်ပြီး သေဆုံးမှုတွေ ဖြစ်ပွားတာတွေပိုများလာတာလို့ ဒေသခံတွေက ပြောပါတယ်။