ညီညီမင်း/ဧရာဝတီတိုင်းမ်
ဧရာဝတီ၊ ဇွန်လ ၂၃ ရက်

ဧရာဝတီတိုင်းစစ်ကောင်စီက တိုင်းအတွင်းက မြို့နယ်နဲ့ကျေးရွာတွေမှာ ပြည်သူ့လုံခြုံရေးခေါင်းစဥ်နဲ့ အဖွဲ့များဖွဲ့ဖို့ မြို့နယ်ရဲတပ်ဖွဲ့မှူးတွေကို စေခိုင်းနေတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတစ်ဦးထံကနေ သိရပါတယ်။

“ဇွန်လနောက်ဆုံးထားပြီးဖွဲ့ခိုင်းတာ မြို့နယ်ရဲမှူးတွေကိုခိုင်းတာ ပြည့်သူလုံခြုံရေး အဖွဲ့ဆိုပြီး တစ်ဖွဲ့ကိုလူ၆၀နဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ကြီးတွေက ဦးဆောင်ပြီးဖွဲ့ရမှာလို့ သိရတယ်” လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ညွန်ကြားချက်အရ ရပ်ကွက်နဲ့ကျေးရွာအတွင်းက စစ်မှုထမ်းဟောင်း၊ကြံ့ခိုင်ရေးပါတီဝင်၊မဘသ ၊ စစ်တပ်ထောက်ခံတဲ့သူနဲ့ အရန်မီးသတ်တွေပါ၀င်ပြီး စုဖွဲ့ပြီးရင် သင်တန်းပေးပြီး လက်နက်ပါ တပ်ဆင်ပေးမယ်လို့ ၎င်းက ဆိုပါတယ်။

“လက်ရှိ ဧရာ၀တီတိုင်းက ရေမြေအနေအထားအရ တော်လှန်ရေးအားသိပ်မကောင်းတော့ စစ်ကောင်စီက သူတို့အရံအင်အားသဘောမျိုး တွေကြိုဖွဲ့ထားတာ။ စစ်တပ်ကတိုက်ပွဲတွေဖြစ်လာရင် အင်အားမရှိတော့ရင်မြို့ရပ်ကွက် ရွာတွေကို အဲ့လူတွေကိုထိန်းခိုင်းဖို့ယူဆရတယ်”လို့ ပုသိမ်မြို့ ဒေသခံတစ်ဦးက သုံးသပ်ပါတယ်။

လက်ရှိဧရာ၀တီတိုင်းမှာ စစ်တပ်အင်အားအများစုမှာ တိုက်ပွဲဖြစ်ရာဒေသတွေကိုသွားရောက်ခိုင်းထားတဲ့နောက်ပိုင်း မြို့နယ်တစ်ချို့မှာ ပြည့်သူ့စစ်အမည်ခံ လူတစ်ချို့က ရဲနဲ့ပေါင်းပြီး
ဒေသခံတွေကို စစ်ဆေးဖမ်းဆီးတာတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

 

ဧရာ၀တီတိုင်းမှာ မြို့နယ်အလိုက် ပြည်သူ့လုံခြုံရေးအဖွဲ့တွေဖွဲ့ဖို့ စစ်ကောင်စီ စီစဥ်နေ