ဧရာဝတီတိုင်း၊ဖျာပုံခရိုင်၊ဖျာပုံမြို့မီးသတ်ဦးစီးဌာနအနီးရှိ စျေးဆိုင်ခန်းများကို စစ်ကောင်စီက ဖျက်သိမ်းခိုင်းသဖြင့် ဇွန်လ ၉ ရက်နေ့က ဖျက်သိမ်းဖယ်ရှားပေးခဲ့ရကြောင်း ဒေသခံများထံသိရသည်။
အဆိုပါ ဆိုင်ခန်းများသည် စစ်ကောင်စီလက်အောက်ခံ ဖျာပုံမီးသတ်ဦးစီးဌာနပိုင်မြေပေါ်တွင်ဆိုင်ခန်းငှားရမ်းခပေးဆောင်၍ စျေးဆိုင်ဖွင့်လှစ်ရောင်းချနေထိုင်ခဲ့သည် မှာ နှစ်ပေါင်း ၃၀ ဝန်းကျင်ရှိပြီဖြစ်ပြီး ယခုလက်ရှိစစ်ကောင်စီက လမ်းနယ်နိမိတ်နှင့်လွတ်ကင်းမှုမရှိဟုဆိုကာ ဖယ်ရှားခိုင်းခြင်းဖြစ်ကြောင်းသိရသည်။
” သူတို့နေလာကြတာအနှစ် ၃၀ လောက်ရှိနေပြီ။ ဆိုင်ခန်း ငှားခက မီးသတ်ဝန်းရှေ့မှာဆိုတော့ မီးသတ်ကိုပေးရတယ်။ လမ်းနဲ့မလွတ်လို့ အမိန့်ထုတ်ပြီးဖယ်ခိုင်းတာလို့ပြောတာပါပဲ။ တောင်းပန်လို့လည်း မရကြဘူး။ အားလုံးစုစုပေါင်း ၂၁ ခန်း ကိုယ်တိုင်ဖျက်ပြီး ပြောင်းကြရတာပါပဲ”ဟု စျေးဆိုင်ခန်းများနှင့်နီးစပ်သူဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဖျာပုံမြို့မီးသတ်ဌာနကလည်း ၄င်းတို့ဝင်ငွေရရှိနေသည့်ဆိုင်ခန်းများကို စစ်ကောင်စီက ဖယ်ရှားခိုင်းမှုအပေါ် မကျေနပ်မှုတချို့ဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်ဌာနနှင့်နီးစပ်သူတချို့ထံကသိရသည်။
စစ်ကောင်စီကအဆိုပါမီးသတ်ပိုင်မြေပေါ်မှ ဆိုင်ခန်းများအပြင်ဖျာပုံမြို့ပေါ်ရှိလမ်းနယ်နှင့်မလွတ်သည့်လမ်းဘေး ကွမ်းယာဆိုင်အပါအဝင် စျေးဆိုင်ငယ်ပေါင်း ၁၀၀ ကျော်ကို လည်း ယခု ရက်ပိုင်းအတွင်းမှာ ဖယ်ရှား ဖျက် ဆီးခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *