
ဓာတ်ပုံ iMyanmarHouse.com
ထက်ခေါင်လင်း၊ ဧရာဝတီတိုင်းမ်
ဇွန်လ ၂၄ ရက်
လေယာဉ်ဆီများကို တနိုင်ငံလုံးရှိ လေဆိပ်များအတွက် အများဆုံးအသုံးပြုနေသော သီလဝါဆိပ်ကမ်းမှ ထုတ်ပြီး ဖြန့်ဝေပေးနေရာတွင် အာဏာသိမ်း စစ်ကောင်စီ၏ လေတပ်ကိုယ်တိုင်က အဆိုပါ လေယာဉ်ဆီများကို ပြင်ပသို့ သက်ဆိုင်ရာ တပ်နယ်အလိုက် ထုတ်ရောင်းနေကြကြောင်း စစ်ကောင်စီ၏ လေတပ်နှင့် နီးစပ်သော အသိုင်းအဝိုင်းမှ သိရသည်။
လေဆိပ်များရှိ တိုက်လေယာဉ်များအပါအဝင် စစ်တပ်အသုံးပြုနေသည့် လေယာဉ်ဆီများကို အဓိက တနိုင်ငံလုံးအထိ ဖြန့်ဖြူးနေသည်က မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းဆုံအနီးရှိ အနန်းပင်ရပ်ကွက်မှ စစ်မှုထမ်းဟောင်းများက အဓိက ဦးဆောင်နေပြီး လေယာဉ်ဆီများကို ဒီဇယ်နှင့်ရောနှောကာ ဒီဇယ်အဖြစ် မြန်မာနိုင်ငံအနှံ့ရှိ စက်သုံးဆီဆိုင်များသို့ ရောင်းချနေခြင်းဖြစ်သည်ဟု လေတပ်နှင့် နီးစပ်သူ တဦးက ပြောသည်။
”ထုတ်လာသမျှ လေယာဉ်ဆီတိုင်းကို ကျနော်တို့က သက်ဆိုင်ရာ လေဆိပ်က သိုလှောင်ကန်ငယ်တွေမှာ ထားတယ်။ မနက် ၄ နာရီကျော်ကစပြီး တရက်တာ သတ်မှတ်ထားတဲ့ လေယာဉ်တွေထဲကို ဖြည့်ရတယ်။ အသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည်ဖြစ်စေ။ ညပိုင်းဆိုရင် အဲ့ဒီလေယာဉ်တွေထဲက အကုန်ပြန်ထုတ်ရတယ်။ အဲ့ဒီဆီကို ကျနော်တို့က Down Great လို့ခေါ်တယ်။ နောက်နေ့အတွက် သုံးဖို့အရည်အသွေး မပြည့်မီတော့ဘူးပေါ့။ အဲ့ဆီတွေက အပြင်ဈေးကွက်ကို ရောက်သွားတာပေါ့” ဟု သူက ဧရာဝတီတိုင်းမ်သတင်းဌာနသို့ ဆိုသည်။
ထို့အပြင် သီလဝါဆိပ်ကမ်းမှ သယ်ဆောင်လာသည့် တနေ့တာ ခွဲတမ်းများထဲမှလည်း ဆီဘောက်ဆာအလိုက် တပ်ရင်း၊ တပ်ဖွဲ့များ၏ စီမံခန့်ခွဲမှုအရ ပိုလျှံနေသည့် ဆီများကို ပြင်ပသို့ ထုတ်ရောင်းမှုများရှိကြောင်း၊ တရက်လျှင် ဂါလံ ၈ ထောင်ဆံ့ ဆီဘောက်ဆာ ၂ စီးခန့်အထိကတော့ နေ့စဉ်ပြင်ပသို့ ရောင်းချနေကြောင်း သိရသည်။
သီလဝါ ဆိပ်ကမ်း၏ လေယာဉ်ဆီ သိုလှောင်ကန်မှ တရက်လျှင် တနိုင်ငံလုံး အတိုင်းအတာနီးပါး ထုတ်ယူကာ အသုံးပြုနေသည့် လေယာဉ်ဆီပမာဏသည် ဂါလံ ၅ သောင်းခန့်အထိ ရှိနေပြီး ပုသိမ်လေဆိပ်၊ တောင်ငူလေဆိပ်၊ မိတ္ထီလာလေဆိပ်၊ မှော်ဘီလေဆိပ်၊ မင်္ဂလာဒုံလေဆိပ်အပါအဝင် အောက်မြန်မာပြည်ရှိ လေဆိပ်များသို့ ဖြန့်ချိ ပေးနေကြောင်း သိရသည်။
အထက်မြန်မာပြည်၊ မကွေးတိုင်းအတွင်းရှိ မန်းသံပရာကန် ရေနံချက်စက်ရုံမှ ထွက်ရှိသော လေယာဉ်ဆီများကို အထက်မြန်မာပြည်နှင့် ရှမ်းပြည်နယ်တို့ထံသို့ ဆီဘောက်ဆာကားများဖြင့် ဖြန့်ဖြူးပေးနေသလို ရန်ကုန်၊ သီလဝါဆိပ်ကမ်းသို့လည်း ဧရာဝတီမြစ်ကြောင်းအတိုင်း ဆီတွဲသဘောင်္များဖြင့် သိုလှောင်ကန်အရောက် ပေးပို့နေကြောင်း မြန်မာ့ရေနံလုပ်ငန်း MPE ရှိ ဝန်ထမ်းတချို့ထံမှလည်း သိရသည်။
တချို့လေယာဉ်ဆီများကို သယ်ယူပို့ဆောင်ရာတွင် ယခင်ကလို စစ်တပ်ပိုင် ဆီဘောက်ဆာများအစား အရပ်ဘက်သုံး ဆီဘောက်ဆာများကို ပုံစံပြောင်းကာ သယ်ယူပို့ဆောင်နေကြောင်း၊ ဧရာဝတီမြစ်ကြောင်းတလျှောက် မန်းသံပရာကန်မှ သယ်ယူလာသည့် လေယာဉ်ဆီများက ဆီတွဲများကို ဘေးဆွဲသဘော်ဖြင့်သာ ဆွဲယူအသုံးပြုကြောင်း သိရသည်။
‘‘အရင်ကလို လေယာဉ်ဆီသယ်ဖို့ သတ်မှတ်ထားတဲ့ JA1 စာတွေကို ဖျက်ထားတယ်။ နောက်ပြီးတော့ စစ်သုံးဘောက်ဆာထက် ကျနော်တို့ MPE အရပ်ဘက်သုံး ဘောက်ဆာပုံစံမျိုးနဲ့ သယ်တယ်။ နောက်ပြီး ဧရာဝတီမြစ်ကြောင်းနဲ့ မန်းသံပရာကန်က လေယာဉ်ဆီတွေကြတော့ ဘောယာလို ပက်လက်တွဲတွေ။ ဘေးမှာ ဆွဲသဘောင်္တစီးနဲ့ဆွဲလာတာ။ အဲ့တွဲပေါ်မှာ ဘာမှတင်လာတာမဟုတ်ဘူး။ သစ်လဲမပါဘူး။ ကျောက်လဲမပါဘူး။ သိသာပါတယ်။ ဘာပစ္စည်းမှမပါပဲ တွဲသက်သက်ကို ဆွဲသဘောင်္နဲ့ဆွဲပြီး မြစ်ကြောင်းအတိုင်း စုန်လာတာ’’ ဟု မန်းသံပရာကန်ရှိ MPE ဝန်ထမ်းတဦးက ပြောသည်။
ထို့အပြင် ၎င်းက ‘‘နယ်လေယာဉ်ကွင်းတွေက တပတ်ကို ဂါလံ ၈ ထောင် ဆီဘောက်ဆာ ၂ စီးလောက် သီလဝါကနေ အနည်းဆုံးတိုက်တယ်။ သောကြာနဲ့ တနလာင်္နေ့တွေမှာ အများဆုံးလုပ်တယ်။ လေယာဉ်ကိုလည်း သူတို့က အရေးပေါ် တိုက်ခိုက်ရေးမရှိရင် လေယာဉ်ကွင်းထဲ အသင့် ၂ စီးထားတယ်ဆိုပေမယ့် တကယ်တော့ ဟန်ပြပဲ။ ကျန်တဲ့လေယာဉ်တွေကလည်း အပျံပြတာ။ ပိုတဲ့ဆီတွေကို သူတို့ထုတ်ရောင်းတယ်။ လေယာဉ်ဆီဟာ တကယ်တော့ ဂျိုကာဆီပဲ။ ဒီဇယ်ချက်ဆီနဲ့ရောလိုက်ရင် ဒီဇယ်လိုရောင်းနေတာ။ အဲ့ဒီမှာပါဝင်ပက်သက်နေတာက သီလဝါကဆီ ကုမ္ပဏီတွေပဲ။ သူဌေးကိုယ်တိုင် မလုပ်တောင်မှ သူ့အောက်က မန်နေဂျာတွေပါတယ်’’ ဟု သူက ဆက်ဆိုသည်။
မင်္ဂလာဒုံ၊ အနန်းပင်ရပ်ကွက်ရှိ လေယာဉ်ဆီခိုးထုတ်နေကြသည့် သူများကလည်း အသေးစား၊ အလတ်စားနှင့် အကြီးစားဟူ၍ အများကြီးရှိနေပြီး အသေးစားများသည် ဆီ ၁ဝ ဂါလံပုံး တပုံးလျှင် ကျပ် ၅ ထောင်ဖြင့် ပွဲစားလုပ်ကာ လေတပ်ထဲမှ ထွက်လာသည့် လေယာဉ်ဆီများကို ချိတ်ဆက်ဖြန့်ဖြူးပေးနေကြောင်း၊ အကြီးစားများကတော့ သက်ဆိုင်ရာလေဆိပ်သို့ ဆီပို့သည့် ပမာဏအလိုက် နယ်မြို့များရှိ စက်သုံးဆီ ပိုင်ရှင်များနှင့် ချိတ်ဆက်ပေးပြီး ဆောင်ရွက်လျှက်ရှိနေကြောင်း မင်္ဂလာဒုံမြို့ခံတဦးက ပြောသည်။
ယခင် ဦးသိန်းစိန် အစိုးရလက်ထက်က မင်္ဂလာဒုံလေဆိပ်သုံး လေယာဉ်ဆီများကို ရန်ကုန်၊ သာကေတ မြို့နယ်ရှိ စက်မှုဇုံများရှိ စက်ရုံတချို့သို့ လေယာဉ်ဆီများကို ဒီဇယ်ဖြင့်ရောနှောအသုံးပြုရန်အတွက် ခိုးရောင်းမှုရှိခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင် မပြုလုပ်ခဲ့ကြောင်း၊ လေယာဉ်ဆီများကို ထုတ်ရောင်းသည့် ဆီဘောက်ဆာများကို မောင်းနှင်သူတချို့မှာ လက်ရှိ စစ်ကောင်စီလက်အောက်ရှိ MPE ဝန်ထမ်း ယာဉ်မောင်းတချို့ပင် ပါဝင်နေကြောင်း သူက ဆက်ပြောသည်။
‘‘ဒီကိစ္စတွေကို အဓိက ချိတ်ဆက်ကိုင်တွယ်တာက သက်ဆိုင်ရာ တပ်က တပ်ရေးဗိုလ်ကြီးပဲ။ ဒါပေမယ့် ဆီထုတ်၊ သွင်း လက်မှတ်ထိုးပေးရတာက တပ်ရင်းမှူးပဲ။ တပ်ရင်းမှူးကိုတော့ ဝေစုကြီးတာပေါ့။ ကျန်တာက လေယာဉ်ပိုက်လော့နဲ့ မြေပြင်လေတပ်ဝန်ထမ်းအားလုံး ခွဲတမ်းနဲ့ပေါ့။ ကျနော်တို့ကတော့ လေယာဉ်ဆီတွေကို ချိတ်ဆက်ပေးတဲ့သူပဲ။ သူတို့ ဘယ်လောက်ခွဲတမ်းဆိုတာ မသိဘူး။ ကျနော်တို့အနေနဲ့ ဆီဂါလံအပေါ်မှာ ချိတ်ဆက်ပေးတဲ့ အကျိုးအမြတ်ပဲရတာ။ သူတို့က တိုင်းပြည်ရဲ့ဆီကို အလကားငွေရနေတာပဲလေ။ ကျနော်တို့မှာက ကာလပေါက်ဈေးပေါ်မူတည်ပြီး ဝယ်လက်ချိတ်တယ်။ ဝယ်မယ့်သူကလည်း သူတွက်ချေကိုက်မယ့်ဈေးပေးတယ်။ အခုတော့ အရင်ကလို အောက်ဈေး(သူခိုးဈေး)ဆိုပြီး သိပ်တော့ ဈေးမနှိမ်ဘူး။ ဆီလိုအပ်ချက်များနေတော့ ဝယ်လက်က များတယ်လေ’’ ဟု မင်္ဂလာဒုံ အနန်းပင်ရပ်ကွက်ရှိ ဆီပွဲစားတဦးထံ ဧရာဝတီတိုင်းမ်သတင်းဌာနက ချဉ်းကပ်မေးမြန်းချက်များတွင် ထိုကဲ့သို့ ဖြေကြားခဲ့သည်။