ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၄ ရက်
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊သပိတ်ကျင်းမြို့နယ်အတွင်းက စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦးကိုဇန်နဝါရီလ ၁၃ ရက် မနေ့ ည ၇ နာရီခွဲဝန်း ကျင်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဗိုလ်လင်းယုန်အဖွဲ့ကထုတ်ပြန်ပါတယ်။
ပစ်သတ်ခံရသူတွေဟာ သပိတ်ကျင်းမြို့နယ်၊ ငတတ်အိုင်ကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အောင်ပု ဆိုသူဖြစ်ပြီး ၄င်းမှာ စစ်ကောင်စီတပ်ကိုသတင်း ပေးနေပြီး ဒေသခံတွေကိုခြိမ်းခြောက်ကာ အထိတ်တလန့်ဖြစ်အောင်လုပ်ဆောင်နေလို့ရှင်းလင်းတာလို့ ဆိုပါတယ်။
” သပိတ်ကျင်းထဲကအုပ်ကြီးတွေကို နှုတ်ထွက်ဖို့ ကျနော်တို့သတိပေးထားတာလည်းအခါခါရှိပြီဖြစ်တယ်။ အုပ်ကြီးက PDF သတင်းတွေစစ်ကောင်စီကိုပို့တယ်။ ရွာထဲမှာလည်း ဒေသခံတွေကိုခြိမ်းခြောက်တယ်။ အဲ့တာကြောင့် သူအိမ်ထဲဝင်ပြီး အပြင် ခေါ်ထုတ်လာပြီးတော့ရှင်းလိုက်တာ ” လို့ အဖွဲ့ခေါင်း ဆောင် ဗိုလ်လင်းယုန်က ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဒါ့အပြင် အုပ်ကြီးနဲ့တစ်အိမ်ထဲအတူရှိနေတဲ့ နောက် လိုက်ဖြစ်သူ မိုက်ကယ်ဓားချက်ကြီးဆိုသူ ကို ကျေး ရွာအတွင်း ဒေသခံတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျနေလို့ ကြိမ်ဒဏ်နဲ့သတိပေးဆုံးမခဲ့ပေမယ့် သတ်ဖြတ်တဲ့အထိတော့မလုပ်ဆောင်ခဲ့ဘူးလို့သူကဆက်လက်ပြောပါတယ်။
ဇန်နဝါရီလ ၅ ရက်နေ့ကလည်း သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးနယ်မြေရဲစခန်းကို PDF တွေကပူးပေါင်း တိုက်ခိုက်လို့ ရဲတပ်ဖွဲ့ဝင်တချို့သေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။