ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၄ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မြတ်တိုရပ်မှာရှိတဲ့ပုသိမ်ခရိုင်တရားရုံးရှေ့မှာရပ်ထားတဲ့ ဆိုင်ကယ်တစ်စီးဟာ ဇန်နဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်းက ပျောက်ဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တရားရုံးကို လာရောက်တဲ့အမျိုးသား ၁ ဦးရဲ့ ဆိုင်ကယ်ဟာ တရားရုံးရှေ့ရပ်ထားချိန်မှာ နာရီပိုင်းအတွင်းပျောက်ဆုံးသွားတာလို့ တရားရုံးမှာနေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။
“ ခုနောက်ပိုင်းတရားရုံးတွေမှာ ရဲတွေအစောင့်ချထားတယ်။ ဆိုင်ကယ်ကတရားရုံးရှေ့မှာပဲ ရပ်ထားခဲ့တာနာရီပိုင်းအတွင်းဆိုင်ကယ် ပျောက်သွားတာ။ သော့ကသူဆီမှာကျန်ခဲ့တာ။ သော့အတုနဲ့ဖွင့်သွားတာ”လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အခိုးခံရတဲ့ ဆိုင်ကယ်ဟာ ယိုးဒယားဘီး Honda Wave 100 အမျိုးအစားဖြစ်ပြီး ပိုင်ရှင်ဖြစ်သူအမျိုးသားက တွေ့ရှိရင်အကြောင်းကြားပေးဖို့ လူမှုကွန်ရက်ကတစ်ဆင့် အကူညီတောင်းခံထားတယ်လို့ သိရပါတယ်။
ပုသိမ်မြို့မှာ ဆိုင်ကယ်ပျောက်ဆုံးမှုတွေ မကြာခဏဖြစ်ပွားနေပြီး လူစည်ကားရာနေရာ ၊ ဈေးနဲ့ရုံးများရှေ့တွေမှာ အများဆုံးပျောက်ဆုံးနေပြီး ရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်တာမျိုးမရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။