နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ ဇန်နဝါရီလ ၁၄ ရက်
ရန်ကုန် – ပုသိမ် ကားလမ်းမှာရှိတဲ့ စစ်ကောင်စီတပ်အတွက် ဘီးခွန်ကောက်တဲ့ ဂိတ်တွေဟာ အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပုံမှန်ထက် ဈေး ၂ ဆကျော်မြင့်ထက်သွားတယ်လို့ သိရပါတယ်။
ရန်ကုန်ကနေ ဧရာဝတီတိုင်းကိုလာတဲ့ ကားလမ်းပေါ်မှာရှိတဲ့ ဘီးခွန်ကောက်တဲ့ ဂိတ်တွေမှာ ၂ ဆကျော် အခွန်ပေးဆောင်ရတဲ့အပြင် စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်သားတွေကို ပိုက်ဆံပေးနေရတာကြောင့် ယာဉ်လိုင်းပြေးဆွဲသူတွေအနေနဲ့ အခက်ကြုံနေရတယ်လို့ ယာဉ်မောင်းသူတွေက ပြောပါတယ်။
“ အရင်က တစ်ဂိတ် ၂၀၀ လောက်ပဲပေးရတာ ခုက ၄၀၀ ပေးရတယ်၊ အဲ့တာက အခွန်ကိုပြောတာ၊ စစ်သားတွေကိုလည်း ၅၀၀၀ ထောင်ပေးရတယ် အဲ့တာ ဂိတ်တိုင်းလိုပဲနေရတာ”လို့ ယာဉ်မောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ကားလမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်တွေမှာ အခွန်ပေးဆောင်ရတဲ့အပြင် စစ်ကောင်စီတပ်သားတွေကို လိုင်းကြေးပုံစံမျိုး ၅၀၀၀ ကနေ ၁၀၀၀၀ ကြားပေးဆောင်နေရတာလို့ ဆိုပါတယ်။
ခုလိုမျိုး စစ်ကောင်စီတပ်သားတွေကို လိုင်းကြေးပုံစံပေးနေရတာက ရန်ကုန်ကနေ ဧရာဝတီတိုင်းကို ရောက်တဲ့ အထိ စစ်ဆေးရေးဂိတ် ၈ ခုလိုပေးနေရတာလို့ ယာဉ်မောင်းသူတွေက ပြောပါတယ်။
ရန်ကုန်ကနေ ပုသိမ်သွားတဲ့ကားလမ်းမှာခုလိုမျိုး ပေးဆောင်နေရမဟုတ်ဘဲ ရန်ကုန်ကနေ တွံတေး၊ မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ သွားတဲ့လမ်းမှာပါ ပေးဆောင်နေရတာလို့ ဆိုပါတယ်။