ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၄ရက်
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခွေးကုန်း(ခ)ကံကြီးကုန်းကျေးရွာတွင် ဇန်နဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ် နှင့်ပျူစောထီးပူးပေါင်းအဖွဲ့များကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့များက မိုင်းဖြင့်တိုက်ခိုက်ရာ ၃ ဦး သေဆုံးကြောင်း သတင်းရရှိသည်။
အင်အား၅၀ ခန့်ရှိသော စစ်ကောင်စီနှင့်ပျူအဖွဲ့များသည် စစ်ကြောင်းထွက်ချိန်တွင် ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့များ” ဋ”စစ်ဆင်ရေးအဖြစ် မိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း ချောင်းဦး ဒေသကာကွယ်ရေးအဖွဲ့ ထံမှသိရသည်။
“ဒီစစ်ဆင်ရေးကို “ဋ” စစ်ဆင်ရေးဆိုပြီး အမည်ပေး တိုက်ခိုက်ခဲ့တာပါ။ ဇန်နဝါရီလ ၇ ရက်နေ့က စစ်ကောင်စီတပ်ကို မိုင်းထောင်ရင်း မတော်တဆ ပေါက်ကွဲပြီး ကျဆုံးသွားတဲ့ ရဲဘော် ဋ အတွက် ပြန်ပြီးတိုက်ခိုက်ပေးတာပါ။ သူတို့ဘက်က ၃ယောက်ကျပြီး အများအပြား ဒဏ်ရာရရှိတယ်ဗျ။ သေတဲ့သူတွေနဲ့ဒဏ်ရာ ရသူတွေကို ကားနဲ့လာယူသွားကြတယ်။ သူတို့က လက်နတ်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပြီး လိုက်ပစ်ပေမယ့် ကျတော်တို့ပူးပေါင်းအဖွဲ့တွေက အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု မုံရွာခရိုင် အမှတ် (၁၂)တပ်ရင်း၊ တပ်ခွဲ (၃) ဗိုလ်မိုးကြိုးကဧရာဝတီတိုင်းမ်ကိုပြောသည်။
ပြည်သူများအနေဖြင့် နောက်ထက် မစ်ရှင်တွေ များများ ထပ်မံလုပ်ဆောင်နိုင်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးကူညီပေးကြရန် ၎င်းက တိုက်တွန်းပြောဆိုထားသည်။
အဆိုပါတိုက်ခိုက်မှုကို ပူးပေါင်းအဖွဲ့များဖြစ်သော ချောင်းဦးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ (CLDF)၊ မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ (၃) – လျှပ်စီးတပ်ခွဲ, တပ်ခွဲ (၄) – မီးတောက်တပ်ခွဲ၊ မုံရွာခရိုင် အမှတ် (၁၇) တပ်ရင်း၊ ရန်ရှင်း ဒေသကာကွယ်ရေးအဖွဲ့၊ Banana UG၊ ရှမ်းရှမ်းတောက် အထူးတပ်ဖွဲ့နှင့် ချောင်းဦးမြို့နယ် ပ.လ.ဖ တို့မှ ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရသည်။