ဧရာဝတီတိုင်းမ်
(ပေါက်)၊ ဇန်နဝါရီလ ၁၄ ရက်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ လယ်ဘဲ့ကျေးရွာအနီးတွင် ဇန်နဝါရီလ ၁၂ ရက် နေ့လည် ၁၂ နာရီဝန်းကျင်၌ မိုင်းရှင်းရန်လာသည့် စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများ မိုင်းနင်းမိပြီး သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း မြိုင်(ပ.က.ဖ)ထံမှသိရသည်။

ပေါက်မြို့နယ်၊ ကုက္ကိုစုပျူစောထီးကျေးရွာမှ စစ်ကောင်စီလက်အောက်ခံပျူစောထီးနှင့် ကား ၂၄ မှ စစ်ကောင်စီတပ်သား ၂၀ ကျော်မှာ လယ်ဘဲ့ရွာအနးထောင်ထားထားသည့်မိုင်းများအားရှင်းလင်းရန်လာရောက်စဥ် မိုင်းတစ်လုံးနင်းမိပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့မြိုင်(ပ.က.ဖ)နဲ့ASTFအဖွဲ့ကကြိုထင်ထောင်ထားတဲ့ မိုင်းတွေရှင်းဖို့လာတာ။ အဲ့ဒီမှာ မိုင်းတစ်လုံးနင်းမိပြီး ၄ ယောက်ဒဏ်ရာရတယ်။ နောက်ထပ်သိရတာကတော့ အဲ့ဒီထဲက ၂ ယောက်သေတယ် ၂ယောက်ဆေးကုနေရတယ်ဆိုပြီးကြားတယ်”ဟု မြိုင်(ပကဖ)တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါမိုင်းနင်းမိပြီးနောက် သေနတ်ပစ်ဖောက်၍ ရှေ့ဆက်လာသည့်တပ်ဖွဲ့ဝင်များအား Anonymous Special Task Force-Pauk နှင့် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၁)မှပူးပေါင်း၍ ပေပါမိုင်းဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြိုင်(ပကဖ)နှင့် ပူးပေါင်းတပ်ဖွဲ့သည် ဇန်နဝါရီလ ၉ ရက်နေ့ကလည်း ပခုက္ကူမှထွက်လာသည့် စစ်ကောင်စီဖောကားတစ်စီးအား တွင်းမပျူစောထီးစခန်းနှင့် သရက်ကန်ပျူစောထီးစခန်းကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၉ ဦးဝန်းကျင်သေဆုံးဒဏ်ရာရခဲ့ကြောင်း သိရသည်။