နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဆားလင်းကြီး)၊ ဇန်နဝါရီလ ၁၄ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပံတောင်းတောင်ဒေသမှာ ဇန်နဝါရီလ ၁၃ ရက်နေ့က ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ပြီး တစ်ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

တရုတ်ဝမ်ပေါင်ကုမ္ပဏီကြေးနီစီမံကိန်းလုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်က ဇန်နဝါရီလ ဒုတိယပတ် လောက်ကစတင်ကာ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်မီးရှို့ပြီး ဒေသခံတစ်ဦးကို ပစ်သတ်သွား တာလို့ ဒေသခံတွေက ပြောပါတယ်။

“ ခုရက်ပိုင်း ကျေးရွာကို တစ်ရွာပြီးတစ်ရွာ မီးရှို့နေတာ၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ စစ်ကောင်စီ တပ်က အင်အားတော်တော်များတယ်၊ မနေ့က ဖောင်းကတာကျေးရွာက တစ်ဦးကို ပစ်သတ်သွားတာ”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဖောင်းကတာကျေးရွာက ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်ကပစ်သတ်သွားတဲ့အပြင် ကိုဇော်ဝင်းကိုလည်း ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာလည်း ညောင်ပင်ကြီးကျေးရွာ၊ ထန်းတောကြီးကျေးရွာဘက်ကို သေနတ်ပစ်ဖောက်ပြီး ဝင်ရောက်စီးနင်းတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ပံတောင်းတောင်ဒေသက တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းအနားက ကျေးရွာတွေကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ပထမက စတင်ကာ စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့တာတွေလုပ်နေလို့ ဒေသခံ အနည်းဆုံး ၃၀၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

#လက်ပံတောင်း #ဒေသခံ #စစ်ကောင်စီ #သတ်ဖြတ် #ဖမ်းဆီး
#Ayeyarwaddy_Times