ဧရာဝတီတိုင်းမ်
(သထုံ)၊ ဇန်နဝါရီလ ၁၄ ရက်
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်းကျေးရွာတွင် ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်အချိန်က အိမ်ထောင်စုစာရင်းကောက်ယူပြီး ပြန်လာသည့် အုပ်ချုပ်ရေးမှူးဦးစိုးသိန်းနှင့် ရုံးစာရေးမတို့အား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
တောင်စွန်းကျေးရွာအုပ်ချုပ်ရေးမှုးဦးစိုးသိန်းနှင့် ရုံးစာရေးမတို့ ၂ ဦးမှာ စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် ကျေးရွာအတွင်း အိမ်ထောင်စုစာရင်းကောက်ယူပြီးအပြန် အုပ်ချုပ်ရေးမှူးရုံး၌ သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူမှ ပြောသည်။
“ရှင်းတာကတော့ အုပ်ချုပ်ရေးမှူးရုံးထဲမှာပဲ။ အိမ်ထောင်စုစာရင်းကောက်ပြီးပြန်လာတာဆိုတော့ ဘယ်သူမှမရှိတော့ဘူး။ ပုံမှန်ဆိုရင်တော့ လက်နက်ကိုင်အစောင့်တွေရှိပါတယ်။ စာရေးမကတော့ပွဲချင်းပြီးသေသွားတယ်။ အုပ်ချုပ်ရေးမှူးကဆေးရုံရောက်မှသေတယ်လို့ သတင်းကြားတယ်” ဟု သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါအုပ်ချုပ်ရေးမှူးမှာ ၎င်း၏ သတင်းပေးတိုင်ကြားခြင်းကြောင့် ဖမ်းဆီးခံရသူများရှိခဲ့ပြီး သတိပေးထားသည့်ကြားမှ ယခုကဲ့သို့စာရင်းကောက်ယူခြင်းများလုပ်ဆောင်နေသည့်အတွက် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ စစ်ကောင်စီလက်အောက်ခံ Non-CDMဝန်ထမ်းများအား တိုက်ခိုက်ခြင်းမပြုခဲ့သော်လည်း ယခုကဲ့သို့တရားမဝင်ရွေးကောက်ပွဲအတွက် ပူးပေါင်းပါဝင်နေသည့် မည်သူ့ကိုမဆို ရှင်းလင်းသွားမည်ဖြစ်ကြောင်းလည်း သိရပါသည်။
ဓာတ်ပုံ – တောင်စွန်းရွာအုပ်ချုပ်ရေးမှူးနှင့်စာရေးမထံမှ သိမ်းဆည်းရမိသည့် စာရွက်စာတမ်းများနှင့်ဖုန်း၂လုံး။