ဟိန်းစံ/ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၃ ရက်

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ ထိန်းချုပ်နယ် မြေ ၊ ဖာပွန်ခရိုင် မဲသလောက်ရှေ့တန်းစစ်အခြေ စိုက်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး ဇန်နဝါရီလ ၉ ရက်ညပိုင်းက အဆိုပါအခြေစိုက်စခန်းမှ ထွက် ပြေးသွားတယ်လို့ တပ်သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေဟာ ဖာပွန်ခရိုင်အတွင်းကိုတိုက်ခိုက်ရေးဝင်ရောက်နေတဲ့ စစ် ကောင်စီတပ်ရဲ့ အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်(စကခ ၈) လက်အောက်ခံ သရက်ချောင်းမြို့အခြေစိုက် ခမရ ၄၀၄ တပ်ရင်းက စစ်ကောင်စီတပ် သားတွေဖြစ်ပြီး ယနေ့အထိလွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

”မဲသလောက်စခန်းမှာထိုင်တဲ့ ခမရ ၄၀၄ က တပ် သား ၆ ဦး ၉ ရက်နေ့ညက သေနတ်တွေ ကျောပိုး အိတ်တွေကို ကင်းကျတဲ့နေရာပုံထားခဲ့ပြီး ထွက် ပြေးသွားတယ်လို့သိရတယ်။ အဲ့ညတွင်းချင်းရော နောက်ရက်တွေရော မနေ့ကလောက်အထိ အဲ့ဒီနားတဝိုက်ကို ပိတ်ဆို့ပြီးလိုက်ရှာတာရှာလို့မတွေ့ဘူးလို့ပြောကြတယ်။ အကုန်လုံးက လူပျိုတွေချည်းဘဲလို့သိရတယ် ၊ KNU အဖွဲ့တွေနဲ့ချိတ်ပြီးပြေးတာလား ဘယ်လိုလဲတော့မသိဘူး၊ ခုထိပြန်မတွေ့တော့ဘူး” လို့ သရက်ချောင်းမြို့အခြေစိုက် ခမရ ၄၀၄ နဲ့နီးစပ်တဲ့တပ်သတင်းရင်းမြစ် တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားတွေ KNU တပ်မဟာ ၅ နယ်မြေအတွင်းထွက်ပြေးလွတ်မြောက်နေတာနဲ့ပတ် သက်လို့ အခြေအနေအသေးစိတ်ကိုတော့မသိရှိရသေးဘဲ KNU ဘက်က သတင်းထုတ်ပြန်လာတာမျိုးမတွေ့ ရသေးပါဘူး။

ထားဝယ်အခြေစိုက် စကခ ၈ နဲ့လက်အောက်ခံတပ် ရင်းတွေဟာ ကရင်ပြည်နယ် KNU ထိန်းချုပ် တပ်မဟာ ၅ နဲ့ ၆ နယ်မြေတွေမှာ တိုက်ခိုက်ရေးဝင်ရောက်နေတာ ၂ နှစ်ကျော်ကာလဖြစ်ပြီး တကျော့ပြန်ဖြစ်ပွားနေတဲ့ကရင်ပြည်နယ်တိုက်ပွဲတွေအတွင်း ထိခိုက်၊သေဆုံး၊ဒဏ်ရာ၊အရှင်မိ၊ဘက်ပြောင်းပူးပေါင်း မှုတွေ များပြားနေတဲ့ရှေ့တန်းတပ်မတစ်ခုဖြစ်တယ်လို့ ကရင်ပြည်နယ်စစ်သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ကလည်း ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီမဲဝိုင်စစ်စခန်းကို စစ်ကူသွား ရောက် ဖို့ အမိန့်ပေးစေခိုင်းမှုကိုငြင်းဆန်ခဲ့တဲ့ သရက်ချောင်းအခြေစိုက် ခမရ ၄၀၅ တပ်ရင်းမှူး ဒုဗိုလ် မှူးကြီး လှိုင်မင်းထွဋ်အပါအဝင်အကြီးတန်းအရာရှိ ၃ ဦး ဖမ်းဆီးခံရပြီးတဲ့နောက် သရက်ချောင်းမြို့ ခမရ ၄၀၃၊ ၄၀၄ နဲ့ ၄၀၅ နောက်တန်းတပ်ရင်းတွေမှာ ကြာနီကန်ဆရာတော်ရဲ့ အောင်ခြင်းရှစ်ပါး၊ပရိတ်၊ပဌာန်းတရားခွေတွေကို နေ့ရောညပါ လော်စပီကာနဲ့ဖွင့်လှစ်နေတယ်လို့ သရက်ချောင်းမြို့ခံတွေဆီကသိရပါတယ်။