ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၃ ရက်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ Grand Royal အရက်ချက်စက်ရုံ မီးလောင်နေမှု ယခုအချိန်ထိ မီးငြှိမ်းသတ်ရန်ခက်ခဲနေကြောင်း မြေပြင်တွင်ကူညီနေသည့် ပရဟိတအဖွဲ့ထံမှသိရှိရသည်။

ယနေ့ ဇန်နဝါရီ ၁၃ ရက်၊ နေ့လည် ၃ နာရီ ၂၉ မိနစ်တွင် မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာအုပ်စု၊ အမှတ် ၄ လမ်းမကြီးရှိ Grand Royal အရက်ချက်စက်ရုံမှာ မီးလောင်ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှု Level 3 အဆင့်သတ်မှတ်ကာ မီးငြှိမ်းသတ်မှုပြုလုပ်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်သတင်းထုတ်ပြန်သည်။

”Grand Royal မီးလောင်ပြင် အခြေနေမကောင်းသေးဘူး။ ဘွိုင်လာပေါက်ကွဲမှုကြောင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတများ ဒဏ်ရာရရှိမှု​တွေရှိတယ်။ရေသန့်ကတ်များ လိုအပ်နေပါတယ်”ဟု ကူညီဆောင်ရွက်ပေးနေသည့် ပရဟိတအဖွဲ့ဝင်တစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

မီးလောင်မှုစတင်ဖြစ်ပွားပြီးနောက်နေ့လည် ၃ နာရီ ၃၅ မိနစ်အချိန်၌ Level 2 အဆင့်သတ်မှတ်ပြီးနောက် နေ့လည် ၃ နာရီ ၄၁ မိနစ်အချိန်၌ Level 3 အဆင့်သတ်မှတ်ကာ မီးငြှိမ်းသတ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်သတင်းထုတ်ပြန်ချက်အရသိရသည်။

အလားတူ ယမန်နေ့ ညပိုင်းကလည်း ရန်ကုန်တိုင်း လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ မာလာမြိုင် ၂ လမ်းရှိ ရတနာစုကုမ္ပဏီပိုင် ရေခဲစက်မှ အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်ခဲ့သောကြောင့် အနီးဝန်းကျင်မှ ပြည်သူ များ မေ့လဲသူ ၂၀ ကျော်ရှိခဲ့ကြောင်း သိရှိရသည်။