ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၃ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်တွင်း အဓိကရုဏ်း ဖြစ်ပွားပြီးနောက် ထောင်တာဝန်ရှိသူများက နိုင်ငံရေးအကျဥ်းသားများအား နေ့စဥ် ထမင်းတနပ်သာ ကျွေးတော့ကြောင်း သတင်းရရှိသည်
ဇန်နဝါရီလ ၆ ရက်နေ့ မနက်ပိုင်းက ပုသိမ်ထောင်တွင်း အဓိကရုဏ်းဖြစ်ပွားပြီးနောက် စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဥ်းသား ၃၀၀ ကျော်ကို အပြစ်ပေးဒဏ်ခတ်သည့်အနေဖြင့် ထောင်တာဝန်ရှိသူများက နေ့စဥ် ထမင်းတနပ်သာ ကျွေးမွေးတော့ကြောင်း အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။
“အထဲက နိုင်ကျဥ်းတွေကို တစ်နေ့ ထမင်းတနပ်ပဲကျွေးတော့တယ်။ ထောင်ဆူအောင်လုပ်လို့ဆိုပြီးတော့ပေါ့ဗျာ။ ဦးဆောင်သူ ၇ ဦးကိုလည်း တိုက်ပိတ်ထားတယ်။ မိသားစုတွေက ပို့တဲ့ထောင်ဝင်စာတွေကလည်း နိုင်ကျဥ်းတွေလက်ထဲမရောက်တော့ဘူး။ ထောင်ဝန်ထမ်းတွေက အကုန်သိမ်းထားတယ်”ဟု ပုသိမ်အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များမှ ပို့ဆောင်သည့် ထောင်ဝင်စာများကိုလည်း ထောင်တာဝန်ရှိသူများကသာ သိမ်းဆည်းထားကြောင်း သိရသည်။
“အထဲမှာ နိုင်ကျဥ်းတွေက အပြင်ကပို့တဲ့ ထောင်ဝင်စာဟင်းတွေနဲ့ မျှတပြီးစားသောက်နေကြရတာ။ အထဲမှာ ကျွေးတာတွေကလည်း သိကြတဲ့အတိုင်းပဲလေ။ လူတိုင်းတော့ ဘယ်စားနိုင်ကြမလဲ။ ပို့တဲ့ ထောင်ဝင်စာတွေကို သူတို့က သိမ်းဆည်းတယ်ဆိုတော့ သူတို့ခမျာ ဘယ်လောက်တောင် စားရေးသောက်ရေး ခက်ခဲနေကြမလဲ။ တနေ့တနပ်ပဲ စားရတာတောင် ကောင်းကောင်းမွန်မွန်မစားရရှာဘူး”ဟု ပုသိမ်မြို့ခံ နိုင်ငံရေးအကျဥ်းသားအချို့နှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဇန်နဝါရီလ ၆ ရက်နေ့ မနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ထောင်တွင်းအဓိကရုဏ်းနှင့် ပတ်သတ်ပြီး နိုင်ငံရေးအကျဥ်းသား ၇၀ ခန့်အား ထောင်တာဝန်ရှိသူများက ကတုံးတုံးထားကြောင်း ဦးဆောင်သူ နိုင်ငံရေးအကျဥ်းသား ၇ ဦးကို တိုက်ပိတ်အရေးယူထားကြောင်း အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူများက ဆိုသည်။
“ပုသိမ် ထောင်တွင်းအကြမ်းဖက်မှုဟာ စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာနက နိုင်ငံရေးအကျဥ်းသားတွေကို အကွက်ဆင်ဖိနှပ်မှုလို့ပဲ မြင်တယ်။ ဒီဖြစ်စဥ်အကုန်လုံးဟာ အကျဥ်းဦးစီးဌာနက ဝန်ထမ်းတွေမှာပဲ တာဝန်ရှိတယ်။ နိုင်ငံရေးအကျဥ်းသားတွေမှာ ဘာအပြစ်မှမရှိဘူး။ ထောင်တာဝန်ရှိသူတွေကို အရေးမယူပဲ နိုင်ငံရေးအကျဥ်းသားတွေကို အပြစ်ပေးတာဟာ လုံးဝမတရားတဲ့လုပ်ရပ်ဖြစ်တယ်။ ပုသိမ်ထောင်ထဲက ရဲဘော်ရဲဘက် ညီအကိုတွေနဲ့အတွက် ဝန်းရံရပ်တည်ပေးကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ပုသိမ်မြို့ခံ လူငယ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြန်အောင်မြို့နယ်မှ CDM ကျောင်းဆရာကို စစ်ကောင်စီက သေဒဏ်ချမျတ်ပြီးနောက် ပုသိမ်ထောင်တွင် ကြိုးပေးကွပ်မျက်ရန် စီစဉ်နေမှုအား ကိုဝင်းမင်းထက် (ခ) ကိုမဲကြီးဦးဆောင်သော နိုင်ငံရေးအကျဉ်းသား ၈ ဦးက ပုသိမ်ထောင်တာဝန်ရှိသူများကို ကန့်ကွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကန့်ကွက်သည့်အတွက် ကိုဝင်းမင်းထက်(ခ)ကိုမဲကြီးအပါအဝင် နိုင်/ကျဉ်း ၈ ဦးကို ပုသိမ်ထောင်ပိုင် နေမင်းထက်နှင့်အဖွဲ့က ဇန်နဝါရီလ ၅ ရက်တွင်အချုပ်ဆောင်အတွင်းမှ အပြင်ခေါ်ထုတ်၍ ရိုက်နှက်ခဲ့ပြီး ဇန်နဝါရီလ ၆ ရက်နေ့တွင် နိုင်/ကျဉ်း ၇ ဦးကို တိုက်ပိတ်ပစ်ခဲ့ပြီး ကိုဝင်းမင်းထက်(ခ)ကိုမဲကြီးမှာ ပျောက်ဆုံးနေခြင်း ဖြစ်သည်။
ကိုဝင်းမင်းထက်(ခ)ကိုမဲကြီးမှာ ပုသိမ်ထောင်တာဝန်ရှိသူများ၏ညှဉ်ပန်းနှိပ်စက်မှုကြောင့် သေဆုံးပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် ယင်းသတင်းအား အတည်ပြုနိုင်ခြင်း မရှိပါ။
လက်ရှိတွင် ထောင်တွင်း ညှင်းပန်းနှိပ်စက်ခံရမှုဖြစ်စဥ်တွင် ပါဝင်သည့် နိုင်ငံရေးအကျဥ်းသား ကိုဝင်းထွန်းနိုင်၏ ဇနီးဖြစ်သူ မစန္ဒာအေးကို စစ်ကောင်စီက ဖမ်းဆီးကာ အကျဥ်းထောင်ဥပဒေပုဒ်မ – ၄၂ ဖြင့် တရားစွဲဆိုထားခြင်းကြောင့် ကိုဝင်းမင်းထက်(ခ)မဲကြီး၏ ဇနီးဖြစ်သူမှာလည်း နေအိမ်မှရှောင်တိမ်းနေရကြောင်း ပုသိမ်မြို့ခံအချို့က ပြောသည်။
ပုသိမ်ထောင်အဓိကရုဏ်ဖြစ်စဥ်တွင် ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် PDF အဖွဲ့ဝင်ဟောင်း နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး(ခ)ရာစု ကျဆုံးခဲ့ပြီးအခြားအကျဉ်းသားပေါင်း ၆၄ ဦး ဒဏ်ရာရရှိခဲ့ကာ လက်ရှိတွင် အကျဥ်းထောင်တွင်းနှင့် အနီးဝန်းကျင်ကို လုံခြုံရေးတင်းကြပ်ထားကြောင်း အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။
ဓာတ်ပုံ – ယခင်က ပုံအဟောင်းအား အသုံးပြုထားပါသည်။(ပုသိမ်အကျဥ်းထောင်တွင်းက အကျဥ်းသားများအား နေ့လည်ထမင်းစားချိန် မြင်တွေ့ရစဥ်။)