ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၃ ရက်

အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ဖွဲ့အချို့ဟာ ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်အတွင်းက ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ သစ်တောတွေကို ဇန်နဝါရီလ ၁၁ရက်နေ့ကစပြီး PDFတွေကို စစ်ကြောင်းထိုးရှာဖွေနေတယ်လို့
ဒေသခံတွေဆီကနေ သိရပါတယ်။

“၁၁ရက်နေ့ထဲက ရိုးမထဲမှာ PDFတွေရှိတယ်ဆိုပြီး တောနင်းဖို့စခန်းလာချနေကြတာပဲ။ မဲဇလီပေချောင်းနားမှာတစ်ဖွဲ့ ကျို့ပင်စုကျေးရွာနားမှာတစ်ဖွဲ့ အင်အားကတော့ တစ်ဖွဲ့ကို ၅၀ ကျော်လောက်ရှိမယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ကရင်ပြည်နယ် ဘက်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က အကျအဆုံးများနေတာကြောင့် အဲ့ဘက်ကို ရှေ့တန်းထွက်ရမှာကြောက်တာကြောင့် ခုလို ဧရာ၀တီတိုင်းအတွင်းက သစ်တောတွေမှာ PDF စခန်းတွေရှိတယ်ဆိုပြီး ဟန်ဆောင်ကာ စစ်ကြောင်းထိုးပြနေတာလို့ စစ်မှုထမ်းဟောင်းတစ်ဦးက ပြောပါတယ်။

“သူတို့က ရှေ့တန်းမထွက်ချင်တော့ ဘာ PDF မှ မရှိတဲ့တောတွေထဲမှာ စစ်ကြောင်းထိုးရှာပြနေတာပေါ့ဗျာ။ ဧရာဝတီတိုင်းမှာ ရှာသမျှတခါမှ တွေ့တယ်လည်း မကြားမိပါဘူးဗျာ။ သက်သက်မဲ့ အကြောင်းမရှိအကြောင်းရှာပြီး တောထဲ စစ်ကြောင်းထိုးနေကြတာ”လို့ ပုသိမ်မြို့ခံ စစ်မှုထမ်းဟောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ိကို ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ ရိုးမအစပ်မှာ နေထိုင်တဲ့ ကျေးရွာပြည်သူတွေကို တောအတွင်း သစ်၊ ဝါးခုတ်ယူခြင်းမပြုဖို့နဲ့ တောအတွင်းနေထိုင်ပြီး လုပ်ကိုင်စားသောက်နေသူတွေကို ရွာကို ပြန်လာနေဖို့ အကြောင်းကြားနှင်ထုတ်နေတာ​ကြောင့် ဒေသခံတွေက မတရားဖမ်းဆီးခံရမှာကို စိုးရိမ်နေကြပါတယ်။

ဧရာ၀တီတိုင်းက ရခိုင်ရိုးမနဲ့ထိဆက်နေတဲ့ ကြံခင်းမြို့နယ်၊ ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်နဲ့ ပုသိမ်၊ချောင်းသာ၊ငွေဆောင်၊ ငရုတ်ကောင်း၊ မော်တင်လမ်းသစ်တောတွေအတွင်းမှာ စစ်ကောင်စီက တောနင်းရှာဖွေတာတွေအမြဲပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။