နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဆားလင်းကြီး)၊ ဇန်နဝါရီလ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ ဆားကြီးမြို့နယ်အတွင်းက လက်ပံတောင်းတောင်ဒေသမှာ နေထိုင်တဲ့ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီတပ်တွေ အကြိမ်ကြိမ်မီးလာရှို့မှုတွေကြောင့် ဒေသခံပြည်သူ ၃၀၀၀၀ ကျော်ဘေးလွတ်ရာ ရှောင် တိမ်းနေရတယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင်ဒေသ ကြေးနီစီမံကိန်းအနီးမှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဇန်နဝါရီလ ဒုတိယပတ်ကစတင်ပြီး ဝင်ရောက်စီးနင်းမီးရှို့မှုတွေကြောင့် ကျေးရွာ ၁၀ ရွာလောက်မှာ နေထိုင်တဲ့ ဒေသခံ ပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေရတာလို့ ဒေသခံတွေက ပြောပါတယ်။

“ မနေ့က ဖောင်းကတာရွာမှာတပ်ဝင်စွဲပြီး ရွာကို ဝင်စီးတာ၊ ဒါနဲ့ဆို ၅ ကြိမ်မြောက်ရှိပြီ ရွာထဲမှာလည်း အိမ်တွေ မရှိသလောက်ဖြစ်သွားပြီ သူတို့လာရင် ပြေးရတာ၊ ခုတစ်ခေါက်လည်းပြေးရတယ် အားလုံးဆို ၃ သောင်းကျော်လောက်ရှိမယ်”လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ဇန်နဝါရီလ ၁၂ ရက်နေ့က လာရောက်မီးရှို့လို့ ထွက်ပြေးရတဲ့ကျေးရွာတွေမှာ မိုးကြိုးပြင် မြောက်ရွာ တောင်ရွာ၊ ဆည်တည်းရွာသစ် ရွာဟောင်း၊ ဇီးတောကျေးရွာ၊ ကျောက်ဖြူတိုင်ကျေးရွာ၊ ဖောင်းကတာကျေးရွာ၊ တုံရွာ၊ အလယ်ရွာ၊ တောကျောင်းရွာနဲ့ ထန်းတောကြီးကျေးရွာတွေဖြစ်တယ်လို့ ဆိုပါတယ်။

ထွက်ပြေးရတဲ့ ဒေသခံအများစုက စစ်ကောင်စီတပ်တွေ မလိုက်နိုင်တဲ့ နေရာတွေကို ရှောင်တိမ်းပြေးနေရပြီး စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးလာကျဲမှာကိုလည်း စိတ်ပူနေကြရတယ်လို့ ဒေသခံတွေက ပြောကပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းမှာ ဆည်တည်းရွာဟောင်းကို စစ်ကောင်စီတပ်က မီးရှို့တာတွေ စတင်ပြုလုပ်နေပြီဖြစ်တယ်လို့ဆိုပါတယ်။

ဓာတ်ပုံ – ဇန်နဝါရီလပထမပတ်အတွင်း လက်ပံတောင်းတောင်ဒေသတဝိုက်ကျေးရွာများကို စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးသွားသည့်မြင်ကွင်းဓာတ်ပုံများဖြစ်ပါသည်။