ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၃ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မဖြစ်ကျေးရွာအုပ်စုမှာ ဇန်နဝါရီလ ၁၁ ရက်နေ့ ညပိုင်းက စစ်ကောင်စီ တပ်ဘက်က ရမ်းသမ်းပစ်ခတ်တဲ့ ကျည်ထိမှန်မှုကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ယမ်းချက်တပ်(လယ်ပြင်)ဘက်ကနေ နမ့်မဖြစ်ကျေးရွာအုပ်စု၊ မလန်းကျေးရွာဘက်ကို ည ၈ နာရီ ၄၅ မိနစ် လောက်မှာ သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အသက် ၂၇ အရွယ်အမျိုးသားရဲ့ ခြေထောက်ကို ထိမှန်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
အိမ်ခေါင်မိုးသွပ်ကနေပေါက်မှန်တာ၊ ခြင်ထောင်ထဲအိပ်နေတာကို လာမှန်တာ ခြေထောက်ထိသွားတာပေါ့ ကြီးကြီးမားမားဒဏ်ရာတော့ မရဘူး လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အိမ်ခေါင်မိုးသွပ်ပေါက်ပြီး ခြင်ထောင်ထဲအိပ်နေသူရဲ့ ခြေထောက်ကို လာမှန်ခဲ့ပေမယ့် စိုးရိမ်စရာ ဒဏ်ရာမျိုးတော့မဟုတ်ဘူးလို့ဆိုပါတယ်။
ဖားကန့်မြို့နယ်အတွင်းက ဆန်ခါကျေးရွာကိုလည်း စစ်ကောင်စီတပ်ဘက်က ဒီဇင်ဘာလကုန်ပတ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ အမျိုးသား ၁ ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။