ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၃ ရက်

အပြည်ပြည်ဆိုင်ရာဥပဒေချိုးဖောက်ပြီး အိန္ဒိယလေပိုင်နက်အတွင်း မြန်မာစစ်ကောင်စီ ဂျက်တိုက်လေ ယာဉ်တွေ ဝင်ရောက်တာကို တားဆီးဖို့ နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အိန္ဒိယအစိုးရကို တောင်းဆိုလိုက်ပါတယ်။

ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်မှာ မြန်မာလေတပ်မှ ဂျက်တိုက်လေယာဉ်တွေဟာ မြန်မာ-အိန္ဒိယနယ် စပ် နှစ်ဖက်စလုံးမှာ ဗုံးတွေကြဲခဲ့တာကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်ငါးဉီး ကျဆုံးပြီး အရပ်ဘက်အဆောက် အအုံတွေ ပျက်စီးခဲ့ပါတယ်။ နယ်စပ်ဒေသနေ ချင်းတိုင်းရင်းသားတွေနဲ့ အိန္ဒိယအရပ်သားတွေကို ကာကွယ်နိုင်ရေး အစီအမံတွေပြုလုပ်ဖို့ တိုက်တွန်းတယ်လို့ Fortify Rights က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ်မှာ အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဉီး (CNF) ဌာနချုပ်ဖြစ်တဲ့ Camp Victoria အတွင်းရှိ အရပ်သားနေအိမ်တွေနဲ့ ဆေးခန်းတစ်ခု ပျက်စီးခဲ့ပါတယ်။

“စစ်ကောင်စီရဲ့ အိမ်နီးချင်းတိုင်းပြည်တွေရဲ့ လေပိုင်နက်ချိုးဖောက်တာ၊ အရပ်သားတွေကို အကြမ်းဖက် တဲ့ အကျင့်စရိုက်တွေကို အိန္ဒိယနိုင်ငံအနေနဲ့ သတိမူသင့်ပြီး သင့်တော်သလို အရေးယူသင့်ပါတယ်” လို့ Fortify Rights ရဲ့ အမှုဆောင်အရာရှိချုပ် မတ်သယူးစမစ်ကို ကိုးကားပြီး ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ထောင်နဲ့ချီတဲ့ ချင်းဒုက္ခသည်တွေ ခိုလှုံလျက်ရှိရာ မီဇိုရမ်ပြည်နယ် ချမ်ဖိုင်းခရိုင်ကကျေးရွာတစ်ရွာအနီး စစ်ကောင်စီက ဗုံးနှစ်လုံးကြဲခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်တွေဟာ မကြာသေးမီက ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်လေပိုင်နက်ကို ကျူး ကျော်ဝင်ရောက်ခဲ့တာကြောင့် စစ်ကောင်စီဟာ မြန်မာပြည်သူတွေနဲ့ အိမ်နီးချင်းတိုင်းပြည်များမှ ပြည်သူတွေအ တွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့ ထုတ်ပြန်ချက်က ပြောပါတယ်။

“အိန္ဒိယနိုင်ငံက စစ်ကောင်စီကို တိုက်ခိုက်မှုတွေပြုလုပ်ဖို့ အိန္ဒိယလေပိုင်နက် အသုံးပြုခွင့်မပေးသင့်ဘဲ ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီ တာဝန်ခံစေမယ့် ကြိုးပမ်းမှုတွေကို အားပေးသင့်ပါတယ်” လို့ စမစ်က ပြော ပါတယ်။

မြန်မာစစ်တပ်ရဲ့ အရပ်သားတွေအပေါ် စနစ်တကျ တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံ ချင်းပြည်နယ်ရှိ ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခဲ့ရတယ်လို့ ထုတ်ပြန်ချက် အရ သိရပါတယ်။

မြန်မာနိုင်ငံရှိ အိုးအိမ်စွန့်ခွာရသူတွေအတွက် နယ် စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီပေး အပ်ခွင့်ပြုဖို့နဲ့ စစ်ကောင်စီကို လက်နက်၊ နည်းပညာ၊ ငွေကြေးနဲ့ နိုင်ငံရေးအရ အသိအမှတ်ပြုမှုမပြုလုပ်ဖို့ Fortify Rights က အိန္ဒိယအစိုးရကို တိုက်တွန်းလိုက်ပါတယ်။