ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၂ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်ထောင်းတွင်း ညှင်းပန်းနှိပ်စက်ခံရမှုတွင်ပါဝင်သည့် နိုင်ငံရေးအကျဥ်းသား ကိုဝင်းမင်းထက်(ခ)မဲကြီးမှာ တစ်ပတ်နီးပါးကြာသည်အထိ မိသားစုနှင့် အဆက်အသွယ်မရဘဲ သတင်းအစအန ပျောက်ဆုံးနေကြောင်း ၎င်း၏ မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

ပုသိမ်ထောင်ညွှန်မှူးနှင့် ထောင်ပိုင် နေမင်းထက်တို့က ဇန်နဝါရီလ ၅ ရက်နေ့ညတွင် ကိုဝင်းမင်းထက်(ခ) ကိုမဲကြီးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၈ ဦးကို တယ်လီဖုန်း တွေ့သည့်ကိစ္စနှင့်ပတ်သတ်၍ ခေါ်ယူရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှုများ ဆောင်ရွက်ခဲ့သည့်နောက်ပိုင်း ယနေ့အချိန်အထိ ၎င်း၏ မိသားစုဝင်များထံ သတင်းတစ်စုံတရာ အကြောင်းကြားခြင်းမရှိဘဲ သတင်းအစအန ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း ၎င်း၏ မိသားစုနှင့် နီးစပ်သူများက ပြောသည်။

“ကိုမဲကြီးက ခုချိန်ထိ သေသလား။ ရှင်သလား မသိရသေးဘူး။ ဒီနေ့နဲ့ဆို ၆ ရက်ရှိပြီ။ မိသားစုကိုလည်း ခုချိန်အထိ အကြောင်းမကြားသေးဘူး။ ခုချိန်ထိလဲ အဆက်အသွယ်မရတာ တစ်ပတ်ပြည့်တော့မယ်ဆိုတော့ ဘာဖြစ်လို့ဖြစ်နေမှန်းလည်း မသိရဘူး။ သေပဲသေပြီလား ရှင်နေတုန်းလာဆိုတာ အတည်မပြုနိုင်သေးဘူး။ အကျဥ်းထောင်ဘက်ကလည်း တိကျမှန်ကန်တဲ့ သတင်းထုတ်ပြန်တာမျိုးမရှိသေးတော့ သူ့မိသာစုတွေကလည်း စိတ်ပူနေကြတယ်”ဟု ကိုဝင်းမင်ထက်(ခ)မဲကြီး၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို​ ပြောသည်။

မြန်အောင်မြို့နယ်မှ CDM ကျောင်းဆရာကို စစ်ကောင်စီက သေဒဏ်ချမျတ်ပြီးနောက် ပုသိမ်ထောင်တွင် ကြိုးပေးကွပ်မျက်ရန် စီစဉ်နေမှုအား ကိုဝင်းမင်းထက် (ခ) ကိုမဲကြီးဦးဆောင်သော နိုင်ငံရေးအကျဉ်းသား ၈ ဦးက ပုသိမ်ထောင်တာဝန်ရှိသူများကို ကန့်ကွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကန့်ကွက်သည့်အတွက် ကိုဝင်းမင်းထက်(ခ)ကိုမဲကြီးအပါအဝင် နိုင်/ကျဉ်း ၈ ဦးကို ပုသိမ်ထောင်ပိုင် နေမင်းထက်နှင့်အဖွဲ့က ဇန်နဝါရီလ ၅ ရက်တွင်အချုပ်ဆောင်အတွင်းမှ အပြင်ခေါ်ထုတ်၍ ရိုက်နှက်ခဲ့ပြီး ဇန်နဝါရီလ ၆ ရက်နေ့တွင် နိုင်/ကျဉ်း ၇ ဦးကို တိုက်ပိတ်ပစ်ခဲ့ပြီး ကိုဝင်းမင်းထက်(ခ)ကိုမဲကြီးမှာ ပျောက်ဆုံးနေခြင်း ဖြစ်သည်။

ကိုဝင်းမင်းထက်(ခ)ကိုမဲကြီးမှာ ပုသိမ်ထောင်တာဝန်ရှိသူများ၏ညှဉ်ပန်းနှိပ်စက်မှုကြောင့် သေဆုံးပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် ယင်းသတင်းအား အတည်ပြုနိုင်ခြင်း မရှိပါ။

လက်ရှိတွင် ထောင်တွင်း ညှင်းပန်းနှိပ်စက်ခံရမှုဖြစ်စဥ်တွင် ပါဝင်သည့် နိုင်ငံရေးအကျဥ်းသား ကိုဝင်းထွန်းနိုင်၏ ဇနီးဖြစ်သူ မစန္ဒာအေးကို စစ်ကောင်စီက ဖမ်းဆီးကာ အကျဥ်းထောင်ဥပဒေပုဒ်မ – ၄၂ ​ဖြင့် တရားစွဲဆိုထားခြင်းကြောင့် ကိုဝင်းမင်းထက်(ခ)မဲကြီး၏ ဇနီးဖြစ်သူမှာလည်း နေအိမ်မှရှောင်တိမ်းနေရကြောင်း ပုသိမ်မြို့ခံအချို့က ပြောသည်။

“ကိုဝင်းထွန်းနိုင် မိန်းမကို ၇ ရက်နေ့ ညနေကလာခေါ်သွားကတည်းက ပုသိမ်က နိုင်ကျဥ်းမိသားစုဝင်တွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်တာပဲ။ အထဲကလူတွေကို စိတ်ပူရတာနဲ့ ကိုယ့်အတွက်နဲ့ ကိုယ်ရှောင်ရတာနဲ့။ မဲကြီးမိန်းမကိုလည်း လာရှာတယ်လို့ သိရတယ်”ဟု ပုသိမ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပုသိမ်ထောင်အဓိကရုဏ်ဖြစ်စဥ်တွင် ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် PDF အဖွဲ့ဝင်ဟောင်း နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး(ခ)ရာစု ကျဆုံးခဲ့ပြီးအခြားအကျဉ်းသားပေါင်း ၆၄ ဦး ဒဏ်ရာရရှိခဲ့ကာ လက်ရှိတွင် အကျဥ်းထောင်တွင်းနှင့် အနီးဝန်းကျင်ကို လုံခြုံရေးတင်းကြပ်ထားကြောင်း အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။