ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၂ ရက်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် ယနေ့မနက်ပိုင်းက ပဲစိုက်တောင်သူ လင်မယားကို စစ်ကောင်စီတပ်မှ အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ ခင်ပွန်းဖြစ်သူသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ မနက် ၁၀နာရီဝန်းကျင်အချိန်က စစ်ကောင်စီ၏ ခလရ – ၄၁၆ တပ်မှ အင်းပတ်လမ်းတွင် ပဲပေါင်းထိုးနေသည့် ဒေသခံ ပဲစိုက်တောင်သူ လင်မယား ၂ ဦးအား အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ အမျိုးသားဖြစ်သူမှာ ဆေးရုံ၌ သွေးထွက်လွန်ကာ သေဆုံးသွားကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

“အခုလုပ်ရပ်က ပြည်သူတွေကို ရန်သူလိုသဘောထားပြီး မဆင်မခြင် ပစ်ခတ်မှုကြောင့် ပြည်သူတယောက် အသက်ဆုံးရှုံးရတယ်။ သူတို့ကတော့ နဂိုကတည်းက ယုတ်မာတဲ့လူတန်းစားဆိုတော့ သူတို့မှာ ကိုယ်ချင်းစာစိတ်ဆိုတာမရှိပါဘူး။ ပြည်သူတွေအနေနဲ့ ပိုပြီးဂရုစိုက်ကြပါ”ဟု အင်းတော် မြို့ပြပျောက်ကြားအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသူမှာ အသက် ၄၀ ဝန်းကျင်အရွယ်ရှိ ကိုနိုင်ဝင်းဆိုသူဖြစ်ပြီး မြေစာရင်းဌာနမှ ဝန်းထမ်းဟောင်းတစ်ဦးဖြစ်ကြောင်း ၎င်း၏ ဇနီးဖြစ်သူနှင့်အတူ သားသမီး ၃ ဦး ကျန်ရစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

၎င်း၏ ရုပ်အလောင်းအား စစ်ကောင်စီတပ်မှ မိသားစုထံ ပြန်လည်အပ်နှံခြင်းမရှိပဲ ယနေ့ နေ့လည် ၁ နာရီအချိန်က အင်းတော်သဂြိုလ်စက်၌ မီးသဂြိုလ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

အင်းတော်မြို့တွင် လုံခြုံရေးတာဝန်ကျ စစ်ကောင်စီတပ်များဖြစ်သည့် ခမရ-၃၀၁ နှင့် ခလရ – ၄၁၆ တို့မှာ ဂျပန်မြေအောက်ဆေးရုံဟောင်းမှာ အထိုင်ချတပ်စွဲထားကြောင်း ဒေသခံများထံမှသိရသည်။