ဧရာဝတီတိုင်းမ်
(ရေး)၊ ဇန်နဝါရီလ ၁၂ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ရေးခရိုင် ဒုစရိုက်နှိမ်နင်းရေးခေါင်းဆောင် ဒုရဲမှူးလှိုင်မင်းသန့်အား ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက် ည ၈ နာရီဝန်းကျင်တွင် Ye Guerrilla Force အဖွဲ့မှ
မိုင်းထောင်ရှင်းလင်းခဲ့ကြောင်း သိရသည်။
၎င်း ဒုစရိုက်နှိမ်နင်းရေးခေါင်းဆောင် ဒုရဲမှူးလှိုင်မင်းသန့်သည် ပြည်သူများအပေါ်တွင် လက်နက်ပြခြိမ်းခြောက်နေသူဖြစ်ပြီး ၎င်း၏ နေအိမ်သို့အပြန် ရေးမြို့၊ အောင်သုခရပ်ကွက်အုန်းတောတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း Ye Guerrilla Force တပ်ဖွဲ့ဝင်များထံမှ သိရသည်။
အဆိုပါ ဒုရဲအုပ်သည် ပြည်သူများအား လက်နက်အားကိုးဖြင့် ခြိမ်းခြောက်အနိုင်ကျင့်လေ့ရှိပြီး ဘယာကြော်သည်အား ပစ္စတိုဖြင့်ဦးခေါင်းကိုချိန်၍ ငွေမရှင်းဘဲ ဘယာကြော်စားသည်အထိပြုလုပ်ခဲ့ကြောင်း YGF အဖွဲ့ဝင်များကပြောသည်။
“ညတည်းကသေသွားတယ်၊ စစ်ကောင်စီဘက်ကအလောင်းဖျောက်ထားတယ်၊ သူ့အိမ်ကိုဆိုင်ကယ်နဲ့ပြန်တဲ့လမ်းမှာမိုင်းထောင်ပြီး တိုက်ခိုက်ခဲ့တာပါ။ သူကပြည်သူတွေကိုလက်နက်နဲ့ခြိမ်းခြောက်တယ်၊ ငွေညှစ်တယ် ဘယ်လောက်တောင်
အနိုင်ကျင့်နေလဲလို့ အဲ့တာတွေကြောင့်ရှင်းလင်းခဲ့တာပါ “ဟု
Ye Guerrilla Force အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရေးမြို့နယ်၊ လမိုင်းမြို့တွင် ဇန်နဝါရီလ ၉ ရက်နေ့ကလည်း ရေးမြို့နယ် သတင်းရဲတပ်ဖွဲ့တာဝန်ခံ ရဲအုပ်ညီညီအား Ye Guerrilla Forceအဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့သေးကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။