ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၁ ရက်

ချင်းပြည်နယ်၊ ထန်လန်မြို့နယ်ရှိ ချင်းအမျိုးသား တပ်ဦး / ချင်းအမျိုးသားတပ်မတော် (CNF/CNA) ဌာနချုပ် ၊ Camp Victoria ကို ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ ၊ မွန်းလွဲ (၄:၀၀) ဝန်းကျင်မှာ စစ်ကောင်စီက ချင်းအမျိုးသား တပ်ဦး / ချင်းအမျိုးသားတပ်မတော် (CNF/CNA) ဌာနချုပ် ၊ Camp Victoria ကို ဒုတိယအကြိမ် လေကြောင်းနဲ့ ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ဒီနေ့ ညနေမှာ လေကြောင်းနဲ့ တိုက်ခိုက်မှုမှာ လောလောဆယ်သိရသလောက်တော့ အထိခိုက်အကျဆုံး မရှိဘူး။ ဆေးရုံနဲ့ ဗျူဟာ ကုန်းတွေ ကို ဦးတည် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီက Camp Victoria ကို ဇန်နဝါရီလ ၁၀ ရက်နေ့ ယမန်နေ့ က တစ်ကြိမ် လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ချင်းအမျိုးသားတပ်မတော် က ၅ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

” ကြိုတင်ပြင်ဆင်မှု တွေ သေချာ လုပ်ကြတဲ့အတွက် လူ အထိအခိုက် မရှိတဲ့ အနေအထားလို့ ပြောရမယ်၊ ဆက်ပြီး တောင့်ခံသွားမယ် ၊ ထွက်မပြေးဘူး” လို့ ချင်းအမျိုးသားတပ်ဦးမှာ တာဝန်ထမ်းဆောင်နေတဲ့အမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ယမန်နေ့က ဖြစ်ခဲ့တဲ့ ပထမအကြိမ် တိုက်ခိုက်မှှုမှာ စစ်ကောင်စီ လေတပ်က ကြဲချတဲ့ ဗုံးတစ်လုံးဟာ အိန္ဒိယနိုင်ငံ ပိုင်နက် ၊ မီဇိုရမ် ပြည်နယ်ထဲမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ လေတပ်ဟာ အိန္ဒိယ လေပိုင်နက်ကို အသုံးပြုခဲ့ဖွယ်ရှိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ပြန်ထားပါတယ်။

ဒီလို လေကြောင်း တိုက်ခိုက်မှု တွေနဲ့ ပတ်သက်ပြီး အိန္ဒိယ အစိုးရအနေနဲ့ တစ်စုံတရာ ထုတ်ပြန်ထားတာမျိုး မတွေ့ရသေးပါဘူး။

ဓာတ်ပုံ – CJ
#CNA #CNF #ဌာနချုပ် #ဒုတယိအကြိမ် #လေကြောင်း #တိုက်ခိုက်
#Ayeyarwaddy_Times