ကိုကိုလေး/ဧရာဝတီတိုင်းမ်
(မြောင်းမြ) ဇန်နဝါရီလ ၁၂ ရက်
ဧရာဝတီတိုင်း၊ မြောင်းမြမြို့တွင် စစ်ကောင်စီကကျင်ပပြုလုပ်မည့်ရွေးကောက်ပွဲအတွက် မဲစာရင်း တအိမ်တက်ဆင်း ကောက်ယူသည့်အဖွဲ့ကို ဇန်နဝါရီလ ၈ ရက်နေ့တွင် နေ့တွက်စရိတ်များ စစ်ကောင်စီက ကြိုထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ လူဦရေစာရင်းကောက်ယူသည့် အဖွဲ့များမှာ စစ်ကောင်စီလက်အောက်ခံ Non CDM ထွေအုပ်ဝန်ထမ်းများ၊ Non CDM ဆရာ၊ ဆရာမများ၊ ရွေးကောက်ပွဲကော်မရှင်၊ လူဝင်မှုကြီးကြပ်ရေး – လ၀ကနှင့် လှုမှုရေးအသင်းအဖွဲ့များပါဝင်ကြောင်း ဒေသခံများကပြောသည်။
လူဦးရေစာရင်းကောက်ယူမည့်အဆိုပါအဖွဲ့များကို စစ်ကောင်စီက တစ်ဦးလျှင် တစ်နေ့ ၄၈၀၀ ကျပ်နှုန်းဖြင့် ၁၀ ရက်အတွက် ၄၈၀၀၀ ကျပ်ကို ကြိုတင်ထုတ်ပေးခဲ့ပြီး ဇန်နဝါရီလ ၉ ရက်မှ ဇန်နဝါရီလ ၃၀ ရက်နေ့အထိ မြေပြင်ဆင်း စာရင်းကောက်ယူမှာဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
“ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းမှန်ကန်ရေးဆိုပြီး စာရင်းတွေကောက်ကြတာလို့ပြောတယ်။ တစ်ခါမှမကြုံဘူးပါဘူး လူဦးရေစာရင်းကောက်တာ သေနတ်တကားကားနဲ့ ရှက်လဲမရှက်ကြဘူး။ Non CDM ဝန်ထမ်းတွေနဲ့ လူမှုရေးအဖွဲ့တွေက စစ်ကောင်စီကခိုင်းရင် အကုန်ရှောက်လုပ်နေကြတာ ဒီကိစ္စက တရားဝင်တဲ့ ရွေးကောက်ပွဲလည်း မဟုတ်ပါဘူး” လို့ မြောင်းမြမြို့ ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဒါ့ပြင် မြောင်းမြမြို့စာရင်းကောက်ယူမည့်အဖွဲ့တစ်ဖွဲ့လျှင် လူ ၅ ယောက်ပါရှိပြီး အဖွဲ့ပေါင်း ၁၇၅ ဖွဲ့ဖြင့် မြေပြင်ဆင်းစာရင်းကောက်ယူမှာဖြစ်ပြီး နေ့တွက်စရိတ်အတွက် စုစုပေါင်း သိန်း ၄၂၀ ကျပ် ကုန်ကျစရိတ်ရှိကြောင်း လူဦးရေစာရင်းကောက်ယူသည့် အဖွဲ့ဝင်တစ်ဦးထံကသိရသည်။
စစ်ကောင်စီက ဧရာ၀တီတိုင်းတွင် ဇန်နဝါရီလဆန်းပိုင်းကစတင်ကာ ၂၀၂၃ ရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်း (လူဦးရေစာရင်း) ကောက်ယူခြင်းလုပ်ငန်းစဉ်ကို မြို့နယ်အများအပြားတွင် ဆောင်ရွက်နေပြီး စာရင်းကောက်ခြင်းကို ဌာနဆိုင်ရာဝန်ထမ်းများအပြင် ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးနှင့် ပါတီဝင်များကပါ ဝင်ရောက်ဆောင်ရွက်နေကြောင်း သိရသည်။