ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၁ ရက်

မြန်မာခရိုနီ လက်နက်ပွဲစား ထွန်းမင်းလတ်ကို ဖမ်းဆီးချိန် သိမ်းဆည်းရမိခဲ့တဲ့ ပစ္စည်းတွေမှာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ သားသမီးတွေ ပိုင်ဆိုင်တဲ့ အဆင့်မြင့်ဇိမ်ခံဘန်ကောက်ကွန်ဒိုတစ်လုံးနဲ့ Siam Commercial Bank ဘဏ်စာအုပ်နှစ်အုပ်တို့ ပါဝင်ကြောင်း Justice For Myanmar က ဒီနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်စောင်ထုတ်ပြန်လာပါတယ်။

အဆိုပါ အစီရင်ခံစာမှာ ထွန်းမင်းလတ်နဲ့ သူရဲ့လုပ်ဖော်ကိုင်ဖက် သုံးဦးတို့ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ စက်တင်ဘာလ ၁၇ ရက်နေ့ အရုဏ်တက်ချိန်မှာ စီးနင်း ဖမ်းဆီးခဲ့ပြီး၊ သူတို့ကို မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတို့နဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့က စွဲချက်တင်ထားတယ်လို့ ဆိုပါတယ်။

ထွန်းမင်းလတ်ရဲ့ ရာဇ၀တ်မှုတွေနဲ့ ဆက်စပ်နေတဲ့ အထောက်အထားတွေ ရှိနေပေမယ့် ထိုင်းအာဏာပိုင်တွေဟာ အောင်ပြည်စုံနဲ့ ခင်သီရိသက်မွန်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူထားခြင်းမရှိသေးကြောင်း Justice For Myanmar က နားလည်ထားပါတယ်လို့ ရေးသားဖော်ပြထားပါတယ်။

ထွန်းမင်းလတ်နဲ့ သူ့ရဲ့ ကွန်ရက်ထဲက လုပ်ဖော်ကိုင်ဖက်တွေ ပိုင်ဆိုင်တဲ့ အိမ်ခြံမြေအများအပြားရဲ့ စာရွက်စာတမ်းတွေနဲ့ Belle Rama 9 ကွန်ဒိုမှာ မင်းအောင်လှိုင်ရဲ့ သားဖြစ်သူအောင်ပြည့်စုံ ပိုင်ဆိုင်တဲ့ အိမ်ခန်းလေးခန်းပါ ကွန်ဒိုအခန်းတစ်ခန်း ပါဝင်ပါတယ်လို့ Justice For Myanmarရဲ့ အစီရင်ခံစာအရ သိရပါတယ်။

Belle Rama 9ကွန်ဒိုမှာရှိတဲ့ ပုံစံတူကွန်ဒိုခန်းတွေကို အမေရိကန်ုဒေါ်လာ ၁ သန်းနီးပါးနဲ့ ရောင်းချဖို့ ကြော်ငြာထားပါတယ်။

သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေမှာပါဝင်တဲ့ Siam Commercial Bank စာအုပ်တွေဟာ မင်းအောင်လှိုင်ရဲ့ သမီးဖြစ်သူ ခင်သီရိသက်မွန် နာမည်နဲ့ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

ထွန်းမင်းလတ်ကို ဖမ်းဆီးတဲ့အချိန်မှာအဲဒီ ကွန်ဒိုအခန်းနဲ့ ဘဏ်စာအုပ်တွေဟာ ထွန်းမင်းလတ်နဲ့ လက်ပူး လက်ကြပ်ဖမ်းမိတဲ့ ပစ္စည်းစာရင်းတွေမှာ ပါဝင်နေပါတယ်။

မင်းအောင်လှိုင်နဲ့ သူ့ရဲ့ သားသမီးနှစ်ဦးကို အမေရိကန်၊ နဲ့ ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားပါတယ်။

မင်းအောင်လှိုင် နဲ့ ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းတာကို ဦးဆောင်ပြီး ဝန်ကြီးချုပ်ဖြစ်လာတဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့ ရင်းနှီးတဲ့ ပုဂ္ဂိုလ်ရေးဆက်ဆံမှု ရှိနေတဲ့ အခြေအနေမှာ ယခုဖြစ်ရပ်တွေ မမျှော်လင့်ဘဲ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ထိုင်းအာဏာပိုင်တွေအနေနဲ့ အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး၊ စွဲဆိုထားတဲ့ ရာဇဝတ်မှုကနေ သူတို့တွေ အကျိုးအမြတ်ရရှိခဲ့ခြင်းရှိမရှိကို စုံစမ်းစစ်ဆေးဖို့နဲ့ စစ်အုပ်စုအဖွဲ့ဝင်တွေ၊ သူတို့ရဲ့ မိသားစုတွေနဲ့ အားပေးပံ့ပိုးနေတဲ့ ထောက်တိုင်တွေက ထိုင်းဘဏ်တွေကို အသုံးပြုနေကြတာတွေနဲ့ ထိုင်းနိုင်ငံမှာ ပိုင်ဆိုင်မှုတွေ ဝယ်ယူနေကြတာတွေကို ပိတ်ပင်တားဆီးဖို့ Justice For Myanmar က တိုက်တွန်းတောင်းဆိုထားပါတယ်။

ထိုင်းဘဏ်တွေအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ စစ်အုပ်စုအဖွဲ့ဝင်တွေ၊ ခရိုနီတွေနဲ့ သူတို့ မိသားစုဝင်တွေရဲ့ ဘဏ်အကောင့်တွေကို ပိတ်သိမ်းဖို့ Justice For Myanmarက ထပ်လောင်းတောင်းဆိုပါတယ်။

အစိုးရတွေ အနေနဲ့ စစ်အုပ်စုက ဘဏ္ဍာငွေရရှိနေတာကို ဖြတ်တောက်ဖို့အတွက် စစ်အုပ်စုရဲ့ ဘဏ္ဍာရေးဆိုင်ရာထောက်တိုင်တွေကို အရေးတကြီး ဒဏ်ခတ်ပိတ်ဆို့ဖို့နဲ့ တရားမဝင် စစ်အာဏာသိမ်းကြိုးပမ်းပြီး မြန်မာပြည်သူတွေ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ခိုးပြီး အကျိုးအမြတ်ရှာနေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့မိသားစုတွေအတွက် အခွင့်အလမ်းတွေကို ပိတ်ပင်တားဆီးကြဖို့ Justice For Myanmar က ထပ်မံတောင်းဆိုလိုက်ပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မင်းအောင်လှိုင် သားသမီးတွေရဲ့ ပိုင်ဆိုင်မှုတွေဟာ နိုင်ငံတကာ ရာဇ၀တ်ကောင်ရဲ့ လက်ဝယ်ရှိနေတယ်ဆိုတဲ့အချက်က ထိုင်းအစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် အချက်ပေးခေါင်းလောင်းထိုးသံ ဖြစ်သင့်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

“ထိုင်းအာဏာပိုင်တွေအနေနဲ့ အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး၊ ထွန်းမင်းလတ် စွဲဆိုခံထားရတဲ့ ငွေကြေးခဝါချမှုနဲ့ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုတွေကနေ အကျိုးအမြတ်တွေ ရရှိခဲ့ခြင်းရှိမရှိကို စုံစမ်းစစ်ဆေးဖို့၊ ထိုင်းဥပဒေချိုးဖောက်မှုတစုံတရာတွေ့ရှိရင် သူတို့ကို တရားစွဲဆိုဖို့ Justice For Myanmar က တိုက်တွန်းတောင်းဆိုပါတယ်။

“မြန်မာစစ်အုပ်စုဟာ အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ်ဖြစ်ရုံသာမကဘဲ ထွန်းမင်းလတ်တို့လို နိုင်ငံတကာ ရာဇဝတ်မှု ကျုးလွန်နေတဲ့ ထောက်တိုင်တွေနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းတစ်ရပ်လည်း ဖြစ်ပါတယ်။ ထွန်းမင်းလတ်က စစ်တပ်ပိုင် ကာစီနိုလုပ်ငန်းကို ပူးတွဲပိုင်ဆိုင်ပြီး၊ ယခုစွဲချက်တင်ခံထားရတဲ့ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုနဲ့ ငွေကြေးခဝါချမှုတွေ ကျူးလွန်နေသူဖြစ်ပြီး တစ်ချိန်ထဲမှာ မြန်မာစစ်တပ်အတွက် စစ်လက်နက်ဝယ်ယူမှုတွေမှာလည်း ပွဲစားလုပ်ပေးခဲ့ပါတယ်။

“စစ်အုပ်စုက မြန်မာပြည်သူတွေအပေါ် အကြမ်းဖက် စစ်ဆင်ရေးတွေ ဆက်လုပ်နေချိန်မှာ စစ်အုပ်စုအဖွဲ့ဝင်တွေရဲ့ မိသားစုတွေက စစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကနေ အကျိုးအမြတ်တွေရလာတဲ့ သူတို့ရဲ့ ခိုးရာပါ ပိုင်ဆိုင်မှုတွေကို နိုင်ငံပြင်ပမှာ ဖုံးကွယ်ဖို့ ကြိုးပမ်းနေကြပါတယ်လို့ Justice For Myanmar ရဲ့ အစီရင်ခံစာမှာရေးသားဖော်ပြထားပါတယ်။

“အစိုးရတွေအနေနဲ့ မြန်မာစစ်တပ်ဟာ နိုင်ငံကနေ ခိုးယူထားတဲ့ ခိုးရာပါတွေကို လွှဲပြောင်းနေတာကို အရေးတကြီး ပိတ်ပင်တားမြစ်ရပါမယ်။ စစ်အုပ်စုနဲ့ သူတို့မိသားစုဝင်တွေ နိုင်ငံတကာငွေကြေးစနစ်ကို အသုံးပြုခွင့်ကိုလည်း အရေးတကြီး ပိတ်ပင်ရပါမယ်။ ဒီလိုမလုပ်ဆောင်ဘူးဆိုရင် စစ်အုပ်စုရဲ့နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ အကျင့်ပျက်ခြစားမှုတွေမှာ ကြံရာပါပတ်သက်နေတဲ့ အန္တရာယ်ရှိနေမှာ ဖြစ်ပါတယ်”လို့ Justice For Myanmar ရဲ့ အစီရင်ခံစာမှာရေးသားဖော်ပြထားပါတယ်။