ဧရာဝတီတိုင်းမ်
(ရေး)၊ ဇန်နဝါရီလ ၁၁ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ် စစ်ကောင်စီတပ်လက် အောက်ခံ နေရာ ၂ ခုအား ယနေ့ဇန်နဝါရီလ ၁၁ ရက် မနက်စောပိုင်းတွင်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း
Ye Guerrilla Forceမှထုတ်ပြန်ထားသည်။
ယနေ့ မနက် ၁ နာရီဝန်းကျင်တွင် နှစ်ကရင်ရွာနယ် မြေရဲစခန်းအားသွားရောက်တိုက်ခိုက်ခဲ့ရာရဲတပ်သားများထွက်ပြေးသွားသဖြင့် စခန်းတွင်းရှိ စာရွက် စာ တမ်းများနှင့်ပရိဘောဂများကို မီးရှို့ဖျက်ဆီးခဲ့ပြီး အဆောက်အဦတချို့မီးအနည်းငယ်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
“ရဲစခန်းမှာက ရဲတပ်သား ၃၊၄ယောက်လောက်ပဲ ရှိတယ်ဆိုပြီးသတင်းကြားလို့ သွားတိုက်ခိုက်တာ၊ ကျွန်တော်တို့ရောက်တော့ သူတို့ကထွက်ပြေးသွားပြီ၊ ရဲစခန်းကိုတော့မီးရှို့ခဲ့တယ်၊ ရဲစခန်းအဆောက်အဦကတော့ သိပ်မလောင်လိုက်ဘူး၊ ကြိုးတံတားရွာက စခန်းမှာတော့ ထိခိုက်မှုရှိတယ်၊ စခန်းကကွင်းပြင်ထဲလိုဖြစ်နေတော့ သူတို့ထိခိုက်တာတော့မြင်ရတယ်၊အတိအကျမသိရပေမဲ့ ၅ ယောက်ဝန်းကျင်ထိနိုင်တယ်။” ဟု Ye Guerrilla Forceမှ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် မနက် ၆ နာရီဝန်းကျင်တွင် ကြိုးတံတားကျေးရွာအနီး စစ်ကောင်စီနှင့်BGFတပ်များမှအထိုင်ချထားသည့် အင်အား ၂၀ ဝန်းကျင်ရှိ စခန်းအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်သား ၅ ဦး ဝန်း ကျင်ထိခိုက်သေဆုံးနိုင်ကြောင်း YGF တာဝန်ရှိသူက ဆက်လက်ပြောသည်။
တိုက်ခိုက်မှုအတွင်း အဆိုပါစခန်းအနီးရှိ ခမရ ၅၈၈ တပ်ရင်းမှ လက်နက်ကြီးပစ်ကူပေးပစ်ခတ်သောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
ဇန်နဝါရီလ ၉ ရက်နေ့ကလည်း လမိုင်းမြို့ သတင်းရဲတပ်ဖွဲ့တာဝန်ခံ ရဲအုပ်( SB )ညီညီဝင်း ဆိုသူကို Ye Guerrilla Forceအဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းလည်း သိရသည်။