ဧရာ၀တီတိုင်းမ်
ဇန်နဝါရီလ ၁၁ ရက်
ဧရာ၀တီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ အခြေခံမဲစာရင်း လိုက်လံကောက်ခံမှာမို့ ဒေသခံတွေအနေနဲ့ ခရီးမထွက်ကြဖို့ စစ်ကောင်စီလက်အောက်ရှိ အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်၊ ကျေးရွာများအတွင်း လော်စပီကာများနဲ့ လိုက်လံကြေညာနေကြောင်း သိရပါတယ်။
မော်လမြိုင်ကျွန်းမြို့ပေါ်ရပ်ကွက်တွေမှာ ဇန်နဝါရီလ ၉ ရက်နေ့ကစတင်ပြီး စစ်ကောင်စီကျင်းပမယ့် ၂၀၂၃ ခုနှစ်၊ ရွေးကောက်ပွဲအတွက် မဲစာရင်းတွေကို တအိမ်တက်ဆင်း လိုက်လံကောက်ခံမှာမို့ ဒေသခံတွေ ခရီးမထွက်ကြဖို့ လိုက်လံကြေညာပြီး တားမြစ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မော်ကျွန်းမြို့ပေါ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဇန်နဝါရီ ၉ ရက်ကနေစပြီး မဲစာရင်းအတွက် တအိမ်တက်ဆင်း လူဉီးရေစာရင်းလိုက်ကောက်မှာဖြစ်ပြီး ရပ်ကွက်နေပြည်သူများ ခရီးမထွက်ရဆိုပြီး အသံချဲ့စက်နဲ့ လိုက်အော် ကြေညာပြီး တားမြစ်နေတာ”လို့ မော်လမြိုင်ကျွန်းမြို့က ဒေသခံအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စိလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေပြောတာကို မလိုက်နာဘဲ ခရီးထွက်မယ်ဆိုရင် လူမစုံတဲ့အိမ်တွေကို နည်းမျိုးစုံနဲ့ ပြဿနာရှာတာတွေ လုပ်လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့ပြောတာ မလိုက်နာဘဲ ခရီးထွက်ရင်တော့ ကြံဖန်ပြီး ပြသနာရှာမှာပေါ့။ သူတို့က ရပ်ကွက်ထဲ ပြည်သူတွေကို လုပ်နေကျလေ။ ရပ်ကွက်ထဲမှာ မျက်နှာခြင်းဆိုင်အိမ် သွားအိပ်တာတောင် ဧည့်ဉပဒေဆိုပြီး ဒါဏ်ရိုက်တယ်။ ရပ်ကွက်ထဲအတူနေမိဘ နေမကောင်လို့ မိဘအိမ်လာအိပ်တာ ဧည့်စာရင်းဉပဒေနဲ့ ဒါဏ်ရိုက်ခံရတယ်။ ဘယ်လောက်ဆိုးရွားလဲဆိုတာတွေးကြည့်ပါ”လို့ မော်လမြိုင်ကျွန်းမြို့က ဒေသခံက ဆိုပါတယ်။
ဧရာ၀တီတိုင်းက မြို့နယ်အများအပြားမှာ ဇန်နဝါရီလဆန်းပိုင်းကစတင်ပြီး စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေ၊ ပညာရေးဝန်ထမ်းတွေနဲ့ ကြံ့ခိုင်ရေးပါတီရဲ့ စည်းရုံးရေးမှူးတွေက တအိမ်တက်ဆင်း မဲစာရင်းတွေ လိုက်လံကောက်ခံနေကြောင်း သိရပါတယ်။