ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၀ ရက်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊နတ်အင်းနှင့်ညောင်ကိုင်းရွာတွင် အထိုင်ချနေသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ကို ယမန်နေ့ ဇန်နဝါရီလ ၉ရက်နေ့တွင် ကန့်ဘလူကာကွယ်ရေးမဟာမိတ်အဖွဲ့များက ၆၀ မမ လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါစစ်ကောင်စီတပ်နှင် ပျူစောထီးအဖွဲ့များသည် နတ်အင်းတွင် အစည်းအဝေးလုပ်နေချိန်နှင့် ညောင်ကိုင်းတွင် အထိုင်ချနေချိန် ညပိုင်းများတွင် ကန့်ဘလူ ကာကွယ်ရေးမဟာမိတ် အဖွဲ့များက ၆၀ မမ လက်နက်ကြီးဖြင့်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လင်းယုန်နီ PDF ထံမှ သိရသည်။
“သူတို့အဖွဲ့က အင်အား၄၀ လောက်တော့ရှိမယ်ထင်တယ်။ နတ်အင်းရွာမှာ အစည်းအဝေးလုပ်နေချိန် ကျွန်တော်တို့က ၆၀ မမ ၇လုံးနဲ့တစ်ကြိမ်တိုက်ပြီး ည၈နှာရီ ဝန်းကျင်လောက်မှာ ညောင်ကိုင်းရွာမှာ အထိုင်ချနေသော စစ်ကောင်စီအဖွဲ့ကိုလည်း ဗုံးသီး၅လုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်၊သူတို့ဘက်က ဒဏ်ရာရသူတွေရှိပေမယ့် အတိအကျတော့ မသိရဘူးဗျ။ကျွန်တော်တို့က နောက်ထပ်တိုက်ခိုက်မှု တွေ ရှိလာမှာဖြစ်တဲ့အတွက်ပြည်သူတွေကလည်း သူတို့နဲ့ ဝေးဝေးရှောင်နေကြဖို့ လိုအပ်တယ်။ ပြည်သူအနေနဲ့ကလည်း ကျွန်တော်တို့အဖွဲ့ကို တတ်နိုင်တဲ့ဘက်ကဝိုင်းဝန်း ကူညီပေးကြပါဦး”ဟု လင်းယုန်နီ PDF အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါတိုက်ခိုက်မှုကို Kanbulu Underground Warriors ၊ မြေပြင်လှုပ်ရှားညီနောင်များ၊ လင်းယုန်နီနှင့် ကန့်ဘလူမြို့နယ် L-PDF မြေပြင်မဟာမိတ်အဖွဲ့များက ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း လင်းယုန်နီ PDF ထံမှ သိရသည်။
#ကန့်ဘလူ #စစ်ကောင်စီ #ပျူစောထီး #PDF #လက်နက်ကြီး #ပစ်ခတ်တိုက်ခိုက်