ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၀ ရက်

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှာ ဇန်နဝါရီလ ၉ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်သားတွေ NLD ပါတီရဲ့ လွှတ်တော်အမတ်တွေနဲ့ ပါတီစည်းရုံးရေးလုပ်ဆောင်ခဲ့သူ ၁၃ ဦးကို ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ လှမင်းအပါဝင် NLD ပါတီရဲ့ မဲဆွယ်စည်းရုံးရေးကာလမှာ ပါဝင်ခဲ့သူ အားလုံး စုစုပေါင်း ၁၃ ဦးကို ဧရာဝတီတိုင်း စစ်ဌာနချုပ်ကနေ လာရောက်ဖမ်းဆီးသွားတာလို့ ဒေသခံတွေကပြောပါတယ်။

“ မနေ့ညကဖြစ်သွားတာ လာဖမ်းတာက ဒီကမဟုတ်ဘူး၊ ပုသိမ်ကလာဆင်းဖမ်းတာ၊ အားလုံးအဖမ်းခံရတာ ၁၃ ဦး၊ မြို့နယ်ဥက္ကဌ ဦးသိန်းဟန်ပါ ပါသွားတယ်”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

တိုင်းစစ်ဌာနချုပ်က ဆင်းဖမ်းခံရသူတွေထဲမှာ ဒေါက်တာလှဝင်း၊ ဦးသိန်းဟန်၊ ဦးရှမ်းကြီး၊ ကိုမျိုးသူတို့ကိုသာ နာမည်သိရေးတာဖြစ်ပြီး ကျန်တဲ့သူတွေကိုတော့ နာမည်မသိရသေးဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ လွှတ်တော်အမတ်အပါဝင် ၁၃ ဦးကို မနေ့ညပိုင်းက ကျောင်းကုန်းမြို့မှာ ထားခဲ့ပေမယ့် ဇန်နဝါရီလ ၁၀ ရက်နေ့မနက်ပိုင်းမှာ အဆက်သွယ်ပြတ်သွားပြီး ဘယ်ကိုခေါ်ဆောင်သွားတယ်ဆိုတာ မသိရတော့ဘူးလို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေကတော့ ကျောင်းကုန်းမြို့မှာ လူအယောက် ၃၀ နီးပါးဖမ်းဖို့ရှိတာဖြစ်ပြီး ၅ ရက် ဖမ်းဆီးသွားဖို့ရှိနေကာ ဘယ်နေ့တွေ ဝင်ရောက်ဖမ်းဆီးမယ်ဆိုတာကိုတော့ အတည်ကျမသိရသေးဘူးလို့ ဆိုပါတယ်။

#ကျောင်းကုန်း #NLD #လွှတ်တော်အမတ် #ဖမ်းဆီးခံရ #Ayeyarwaddy_Times