နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဇန်နဝါရီလ ၁၀ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စစ်ကောင်စီက ရွေးကောက်ပွဲပြုလုပ်ဖို့အတွက် ပညာရေးဝန်ထမ်းတွေကို ခေါ်ပြီး အိမ်ထောင်စုစာရင်းလိုက်လံကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အင်းမကျေးရွာ၊ လှေဆိပ်တောင် အမှတ် ၇ ရပ်ကွက်ကို ဇန်နဝါရီလ ၉ ရက်နေ့က စစ်ကောင်စီခန့် မြို့နယ် အုပ်ချုပ်ရေးကောင်စီအဖွဲ့နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ပညာရေးဝန်ထမ်းတွေနဲ့အတူ အိမ်ထောင်စု စာရင်း လိုက်လံကောက်ခံတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ မြို့နယ်အုပ်ချုပ်ရေးကောင်စီအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ ဆရာမတွေပါတယ်၊ ပြီးတော့ အလယ်တန်းခွဲ ကျောင်းအုပ်ကြီးလည်းပါတယ် အိမ်ထောင်စုစာရင်းလိုက်ကောက်နေရတာ”လို့ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီက အိမ်ထောင်စုစာရင်းလိုက်ကောက်တဲ့အခါ နေအိမ်မှာရှိတဲ့သူတွေရဲ့ မှတ်ပုံတင်တွေကိုပါ တိုက်ဆိုင် စစ်ဆေးလေ့ရှိပြီး လူပိုနေတာနဲ့ လူလိုနေတာတွေကို မှတ်တမ်းလုပ်လေ့ရှိတယ်လို့ဆိုပါတယ်။
ဧရာဝတီတိုင်းက မြို့နယ်တော်တော်များများမှာ စစ်ကောင်စီနဲ့ လက်အောက်ခံဝန်ထမ်းတွေပေါင်းပြီး ဇန်နဝါရီ လဆန်းပိုင်းက စတင်ကာ အိမ်ထောင်စုစာရင်းကောက်ခံတာတွေပြုလုပ်လာတာလို့ ဒေသခံတွေဆီက သိရပါတယ်။
ဓာတ်ပုံ – ယနေ့တွင် ဧရာဝတီတိုင်း၊ သာပေါင်းမြို့စစ်ကောင်စီလက် အောက်ခံဝန်ထမ်းများမှ အိမ်ထောင်စုစာရင်းလိုက်ကောက်နေစဥ်။