ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၀ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်တွင်း ဇန်နဝါရီလ ၆ ရက်နေ့ညက ထောင်တာဝန်ရှိသူများနှင့် ဝန်ထမ်းများမှ ညှင်းပန်းနှိပ်ဆက်ခြင်းခံခဲ့ရသည့် နိုင်ငံရေးအကျဥ်းသား ကိုဝင်းထွန်းနိုင်၏ ဇနီးဖြစ်သူအား စစ်ကောင်စီမှ ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
ကိုဝင်းထွန်းနိုင်၏ ဇနီးဖြစ်သူ မစန္ဒာအေးကို ပုသိမ်မြို့၊ အမှတ်(၃) ရပ်ကွက်ရှိ ၎င်း၏ နေအိမ်တွင် ဇန်နဝါရီလ ၇ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီက လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယနေ့အချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်းရှိသေးကြောင်း ပုသိမ်မြို့ခံများက ပြောသည်။
“ထောင်ထဲမှာ ဆူပူမှုဖြစ်တဲ့နေ့ပြီး နောက်တနေ့မှာပဲ သူ့အိမ်ကိုလာခေါ်သွားတာ။ ဒီနေ့နဲ့ဆို ၃ ရက်ရှိပြီ။ ကိုးသိန်းက မြို့မရဲစခန်းမှာလို့ပဲ သိရတယ်။ စစ်ဆေးစရာရရှိတယ်ဆိုပြီးခေါ်သွားတာ။ ခုထိတော့ ပြန်လွတ်မလာသေးဘူး”ဟု ပုသိမ်မြို့ခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် မစန္ဒာအေးကို ပုသိမ်မြို့မရဲစခန်းတွင် ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ပြီး အကျဥ်းထောင်အတွင်းသို့ တားမြစ် ပစ္စည်းများတင်သွင်းမှု အကျဥ်းထောင်ဥပဒေပုဒ်မ-၄၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
စစ်ကောင်စီ၏သတင်းထုတ်ပြန်ချက်တွင်မူ ပုသိမ်ထောင်ရှိ အကျဉ်းသားတစ်ဦးထံမှ Keypad ဖုန်းတစ်လုံး သိမ်းဆည်းရမိမှုအပေါ် ခေါ်ယူစစ်ဆေးခဲ့ရာတွင် ယင်းဖြစ်စဉ်အပေါ် ကျေနပ်မှုမရှိ၍ ရုန်းရင်းဆန်ခတ်ဖြစ်အောင် အကျဉ်းသားများဘက်မှ ဆောင်ရွက်ခြင်းကြောင့် ထောင်တွင်းဆူပူမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရေးသားဖော်ပြထားသည်။
“ထောင်တာဝန်ရှိသူတွေက ကိုဝင်းထွန်းနိုင်မိန်းမကို ဖမ်းလိုက်တာက သူတို့ ထုတ်ပြန်ထားတဲ့ ထောင်ထဲမှာ ဖုန်းမိတဲ့ဆိုတဲ့ ဇာတ်လမ်းအတွက် တရားခံရှာဖို့ ဖမ်းတာလို့ ထင်မိတယ်။ ကိုမဲကြီးတို့ ကိုဝင်းထွန်းနိုင်တို့ကို ဖုန်းတွေ့တယ်ဆိုပြီး ညလုံးပေါက် ခေါ်နှိပ်စက်ခဲ့တယ်။ အဲ့ကိစ္စနဲ့ ထောင်ဆူတာဖြစ်ခဲ့တော့ ဒီအတွက် တရားခံပြဖို့ ကိုဝင်းထွန်းနိုင်မိန်းမက ထောင်ထဲကို ဖုန်းသွင်းတယ်ဆိုပြီး သူတို့ တရားခံအဖြစ် စွပ်စွဲပြီး ထောင်ဝါဒါ အောက်ခြေဝန်ထမ်း ၂ ယောက် ၃ ယောက်ကို ထိုးကျွေးမယ်။ ပြီးရင် ကိုဝင်းထွန်းနိုင်တို့ကို ဖုန်းမိတယ်ဆိုတဲ့ကိစ္စနဲ့ နောက်ထပ်အမှု ထပ်စွဲမယ့်ဇာတ်လမ်းကို ပုသိမ်ထောင်တာဝန်ရှိသူတွေ လုပ်လာမယ်လို့ ထင်မိတယ်”ဟု ပုသိမ်မြို့ခံတစ်ဦးက သုံးသပ်ပြောဆိုသည်။
ကိုဝင်းထွန်းနိုင်၏ ဇနီး မစန္ဒာဝင်းဖမ်းဆီးခံရမှုကြောင့် ထောင်တွင်းညှင်းပန်းနှိပ်စက်မှုအတွင်း ပျောက်ဆုံးနေသည့် ကိုဝင်းမင်းထက်(ခ)ကိုမဲကြီး၏ ဇနီးဖြစ်သူမှာလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“ကိုမဲကြီးက ခုချိန်ထိ သေသလား။ ရှင်သလား မသိရသေးဘူး။ ဒီနေ့နဲ့ဆို ၄ ရက်ရှိပြီ။ မိသားစုကိုလည်း ခုချိန်အထိ အကြောင်းမကြားသေးဘူး။ ခုချိန်ထိလဲ အဆက်အသွယ်မဘူး။ သတင်းတွေမှာ သေလို့ သဂြိုလ်ပြီးပြီဆိုပြီးပါလာတော့ မိသားစုဝင်တွေက စိတ်ပူနေကြတယ်”ဟု ကိုဝင်းမင်းထက်(ခ)ကိုမဲကြီး၏ မိတ်ဆွေတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထောင်တွင်းအကြမ်းဖက်ရိုက်နှက်မှု ဖြစ်ပွားခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့ ညကတည်းက နိုင်ငံရေးအကျဥ်းသား ကိုဝင်းမင်းထက်(ခ)ကိုမဲကြီးမှာ ပျောက်ဆုံးနေခြင်းဖြစ်ပြီး လက်ရှိတွင် သေဆုံးခြင်းမရှိပဲ ပုသိမ်အကျဥ်းထောင်အတွင်း ပြန်လည်ရောက်ရှိနေပြီဟု သိရရှိရသော်လည်း ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
ပုသိမ်ထောင်အဓိကရုဏ်ဖြစ်စဥ်တွင် ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် PDF အဖွဲ့ဝင်ဟောင်း နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး(ခ)ရာစု ကျဆုံးခဲ့ပြီးအခြားအကျဉ်းသားပေါင်း ၆၄ ဦး ဒဏ်ရာရရှိခဲ့ကာ နိုင်ငံရေးအကျဥ်းသားအချို့ကိုလည်း ထောင်အာဏာပိုင်များက စစ်ဆေးအရေးယူမှုများ လုပ်ဆောင်နေကြောင်း အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။
#ပုသိမ် #ထောင် #နိုင်ငံရေးအကျဥ်းသား #ကိုဝင်းထွန်းနိုင် #ဇနီး #စစ်ကောင်စီ #ဖမ်းဆီးထား
#Ayeyarwaddy_Times
ပုံ(၁) – ပုသိမ်အကျဥ်းထောင်အား Google Mapsမှ မြင်တွေရစဥ်။
ပုံ(၂)- ပုသိမ်အကျဥ်းထောင်အတွင်းက အကျဥ်းသာများအားမြင်တွေ့ရစဥ်။