ရာဝတီတိုင်းမ်
ဇန်နဝါရီလ ၉ ရက်
ဘင်္ဂလားဒေ့ရှ် စစ်တပ် နဲ့ Kuki-Chin National Army တို့ကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေရှ့်နိုင်ငံ၊ စစ်တကောင်း တောင်တန်း ဒေသ မှာ ရှိတဲ့ ချင်း-ကူကီး-ဇို အနွယ်ဝင်တွေဟာ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဘက်ကို ထွက်ပြေး တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေကို အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့ (Boarder Security Force-BSF) က ပြန်လည် မောင်းထုတ် နေတယ်လို့ သတင်းတွေထွက်ပေါ်တာကြောင့် မီဇိုရမ်ပြည်နယ်အနှံ့အပြားမှာ အခုလို ကန့်ကွက် ဆန္ဒပြပွဲတွေ ပြုလုပ်နေတယ်လို့ မီဇိုရမ်ပြည်နယ်ရောက် မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၉ ရက် ၊ ဒီနေ့ ပြုလုပ်တဲ့ ဆန္ဒပြပွဲကို မီဇိုရမ်ပြည်နယ် မှာ ဩဇာအရှိဆုံး လူငယ် အဖွဲ့အစည်း ဖြစ်တဲ့ Young Mizo Association – YMA က ဦးဆောင်ပြီး မီဇိုရမ် တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ဆန္ဒပြပွဲဦးဆောင်သူတွေက ဆိုပါတယ်။
ဆန္ဒပြပွဲမှာ မီဇိုရမ် ပြည်နယ် အစိုးရ တာဝန်ရှိသူ တချို့၊ နိုင်ငံရေး ပါတီ ခေါင်းဆောင်တွေ ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ၊ အနုပညာရှင်တွေနဲ့ ပြည်သူ ထောင်ဂဏန်း အထိ တက်ရောက်ခဲ့ကြပါတယ်။
” BSF က ကျနော်တို့ရဲ့ သွေးချင်း ညီအစ်ကို မောင်နှမတွေ ဖြစ်တဲ့ စစ်ဘေးရှောင်တွေကို မီဇိုရမ်ပြည်နယ်ထဲ ဝင်ခွင့် မပြုတဲ့အတွက် ၊ တောထဲမှာ အစာငတ်ပြီး အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်နေကြတယ်၊ ဒါကို ကျနော်တို့ ဘယ်လိုမှ မကြည့်ရက်ဘူး ၊ ဝင်ခွင့် မပြုဘူးဆိုရင် ကျနော်တို့ ဆက်လက်ပြီး ဆန္ဒပြပွဲတွေ ပြုလုပ်သွားမှာ ဖြစ်တယ်။ ” လို့ Central YAM ဥက္ကဌ ပူးငှက်တာ က ဆန္ဒပြပွဲ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ လကုန်ပိုင်းက စပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်း တောင်တန်း ဒေသမှာ အခြေပြု လှုပ်ရှားနေတဲ့ Kuki-Chin National Army နဲ့ ဘင်္ဂလားဒေ့ရှ် စစ်တပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ် ထဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ချင်း-ကူကီး-မီဇို အနွယ်ဝင် တွေ ရာနဲ့ချီပြီး ထွက်ပြေး တိမ်ရှောင်နေကြရတာ ဖြစ်ပါတယ်။
မီဇိုရမ်ပြည်နယ် ဟာ အိန္ဒိယနိုင်ငံထဲ က ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတဲ့ ပြည်နယ်တွေထဲ တစ်ခုအပါအဝင်ဖြစ်ပေမဲ့ မြန်မာနိုင်ငံက စစ်ဘေးရှောင် (၄၀,၀၀၀) ကျော်ကို လက်ခံထားပါတယ်။
ဒါ့အပြက်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ မြန်မာနိုငံသားတွေကို မီဇိုရမ် ပြည်နယ်ထဲ အဝင်မခံဖို့ အိန္ဒိယ ဗဟိုပြည်ထဲရေးဝန်ကြီး ဌာနရဲ့ အမိန့်စာကို မီဇိုရမ်ပြည်နယ် အစိုးရက ငြင်းဆန်ပြီး ကန့်ကွက်ကြောင်း ပြန်လည် အကြောင်းကြားခဲ့တာမျိုးလည်းရှိခဲ့ပါတယ်။
ဓာတ်ပုံ – All India Radio News Aizawl၊ VANGLAINI Thlalak Group
#Ayeyarwaddy_Times