ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၉ ရက်

စစ်ကိုင်းတိုင်း ကောလင်းမြို့တွင် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင် အမျိုးသမီး ရဲဘော် ၂ ဦးက ဇန်နဝါရီလ ၇ ရက်နေ့မှာ စစ်ကောင်စီ တပ်ကို အသေခံမိုင်းခွဲ တိုက်ခိုက်လိုက်ကြောင်း သတင်းရရှိသည်။

တိုက်ခိုက်မှု ပြုလုပ်သော အမျိုးသမီး ရဲဘော် ၂ ဦးမှာ ဒေါ်နုနုရည် (အသက် ၄၅ နှစ်)၊ မနှင်းဆီလှိုင် (အသက် ၂၀) တို့ ဖြစ်ကြောင်း ဒေသ ကာကွယ်ရေး အဖွဲ့က ပြောသည်။

ကောလင်းမြို့ပတ်လည်ကို ထိုးစစ်ဆင်နေသော စစ်ကောင်စီ စစ်ကြောင်းသည် ကျို့ခုံ၊ ဝါးရုံခုံ ရွာကနေ မင်းချမ်း၊ တဲကြီးကုန်း (မင်းတဲကြီး) ကို စစ်ကြောင်း ထိုးလာခဲ့ချိန် အဆိုပါ အမျိုးသမီး ရဲဘော် ၂ ဦးက လက်လုပ်မိုင်းကို ယူဆောင်ကာ ဆိုင်ကယ်ဖြင့် စစ်ကြောင်းရှေ့ကို ကြိုပြီး မောင်းခဲ့ကြရာ စစ်ကောင်စီ စစ်ကြောင်းရှေ့ပွိုင့်နှင့် တိုးကာ ဆိုင်ကယ် ရပ်ခိုင်းပြီး စစ်ဆေးရန် ပြုလုပ်ချိန် အသင့်ပါလာသော မိုင်းဖြင့် စစ်ကောင်စီ တပ်ကို အသေခံမိုင်းခွဲပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု Kawlin Revolution (KR-Teams) ၏ ထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားသည်။

ကျွန်တော်တို့က ရဲဘော်တွေ ကျဆုံးတာ ရှိခဲ့ပေမယ့် ဒီလိုထုတ်ပြန်ပေးတာ သိပ်မရှိဘူးဗျ၊ တိုက်ပွဲဆိုတာက အထိခိုက် ရှိမှာပဲလေ။ အခု အဖြစ်အပျက်က ကျွန်တော်တို့ ခံစားရလွန်းလို့ အကျယ်တဝင့် ချရေးဖြစ်တာပါ၊ သူတို့ရဲ့ ရဲစွမ်းသတ္တိနဲ့ လုပ်ရပ်ကို အင်မတန် လေးစားမိပါတယ်၊ ကျွန်တော် သူတို့အတွက် ဆုတောင်းပေးမှု လုပ်ပေးချင်ပေမယ့် ခံစားရလွန်းလို့ ဒီတော်လှန်ရေးကြီး ပြီးမှ ဆုတောင်းပေးတော့မယ်ဗျာ၊ ပြည်သူတွေ အနေနဲ့လည်း ရဲရင့်ကြပါဟု ကောလင်း မြိုနယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပြသည်။

ကောလင်းမြို့နယ်ရှိ စစ်ကောင်စီတပ် အုပ်စုသည် ပြည်သူများ အပေါ် လက်နက်ပြ မိုက်ကြေးခွဲကာ ရွာစဉ်ပတ်မွှေပြီး လူသတ် မီးရှို့ ဓားပြတိုက်ကာ ထင်တိုင်းကျဲ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။