ဧရာဝတီတိုင်းမ်
(ပုလဲ)၊ ဇန်နဝါရီလ ၉ ရက်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန်ဒေါင့်ကျေးရွာ ရဲစခန်းအား ဇန်နဝါရီလ ၄ ရက်မှစတင်ပြီး ကျားသစ်နက် တပ်မတော် (B.L.P.A) နှင့် ပူးပေါင်း တပ်ဖွဲ့များက ၃ ရက်တိုင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ကန်ဒေါင့် ရဲစခန်းအား ဇန်နဝါရီလ ၄ ရက် နံနက် ၉ နာရီမှစတင်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များ၊ Rocket များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ညပိုင်းတွင် ပြန်လည် ဆုတ်ခွာခဲ့ကာ ဇန်နဝါရီလ ၇ ရက်တွင် တစ်ကြိမ် ထပ်မံဝင်ရောက် ပစ်ခတ်ခဲ့ပြီး ၁ နာရီခွဲကျော်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထပ်မံ၍ ဇန်နဝါရီလ ၈ ရက်နေ့တွင် ကန်ဒေါင့် ရဲစခန်းအား ဝင်ရောက်စီးနင်း တိုက်ခိုက်ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားနေစဉ် စစ်ကောင်စီဘက်မှ လေယာဉ်ပစ်ကူဖြင့် လာရောက်တိုက်ခိုက်မှုကို ကျားသစ်နက် တပ်မတော်နှင့် ပူးပေါင်း အဖွဲ့များက လေကြောင်းရန်အား စနစ်တကျ ကာကွယ်နိုင်ခဲ့သည်ဟုလည်း ဆိုသည်။

လေယာဉ် ပြန်ထွက်ခွာချိန်တွင် ထပ်မံ၍ တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ လေယာဉ် ၃ စီးဖြင့် စစ်ကူလာရောက် ချပေးခဲ့ပြီး ကျားသစ်နက် တပ်မတော်ဘက်မှ ကျည်အခက်အခဲများကြောင့် လုံခြုံစွာ ဆုတ်ခွာခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

၃ ရက်ကြာ တိုက်ပွဲအတွင်း ကျားသစ်နက် တပ်မတော် (B.L.P.A) မှ ၈၀ (မမ) – ၁၅၅ လုံး၊ ၄၀ (မမ) – ၇၅လုံး၊ ၁၂၀ (မမ) – ၈ လုံး၊ Type-81 ကျည် – ၅၅၀ တောင့် ကုန်ကျခဲ့ပြီး စကစ ဘက်မှ လက်ပ်တော့ ကွန်ပျူတာ ၁ လုံး၊ ကင်မရာ ၁ လုံး၊ သံလိုက်အိမ်မြှောင် ၁ ခု၊ USB stick 2 ချောင်း သိမ်းဆည်း ရရှိခဲ့သည်ဟုလည်း ဆိုသည်။

အဆိုပါ တိုက်ပွဲအား ကျားသစ်နက် တပ်မတော် (B.L.P.A) ယင်းမာပင်ခရိုင် အမှတ် (၁၁) တပ်ရင်း တပ်ခွဲ-၁၊ တပ်ခွဲ-၂၊ တပ်ခွဲ-၃၊ @ Black God ပြောက်ကျား တပ်ဖွဲ့၊ တပ်ခွဲ-၄၊ @ ကျားသစ်နက် တပ်မတော် (မြိုင်တပ်ခွဲ)၊ ပခုက္ကူခရိုင် အမှတ် (၁၅) တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် (၁၄) တပ်ရင်း၊ ပခုက္ကူ king fighter ၊ ပခုက္ကူ တမာမြေအဖွဲ့၊ ကိုလရောင်အဖွဲ့ စသည့် မဟာမိတ်တပ်များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။