ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၉ ရက်ဧရ
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ကနောင်နယ်မြေရဲစခန်း တိုက်ခိုက်ခံရမှုနဲ့ ပတ်သတ်ပြီး စွပ်စွဲဖမ်းဆီးခံရသည့် ရွာသား ၂ ဦးမှာ ၁ လနီးပါးကြာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။
ကနော်နယ်မြေရဲစခန်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက တိုက်ခိုက်ခံရတာဖြစ်ပြီး ဒီဇင်ဘာလအတွင်းမှာတော့ ဒေသခံရွာသား ၃ ဦးကို စစ်ကောင်စီတပ်တွေနဲ့ ရဲတွေက စွပ်စွဲဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
” ကနောင်ရဲစခန်းမှာ ပစ်ခတ်မှုတွေပြီးတာနဲ့ စစ်တပ်နဲ့ ရဲက သူတို့စိတ်ထင်တဲ့ လူတွေကိုလိုက်ဖမ်းတာ။ မယ်ဇလီကွင်းရွာက ရိုးရိုးသားသားနေတဲ့ ရွာသား ၃ ဦးကို ဖမ်းသွားတယ်။ တစ်ဦးက ပြန်လွတ်ပေမယ့် ကျန် ၂ ဦးက ပြန်မလွတ်သေးဘူး။ ခုချိန်ထိလဲ မိသားစုနဲ့ခုထိအဆက်သွယ်မရသေးတော့ သေလားရှင်လားတောင် သေချာမသိကြဘူး” လို့ မြန်အောင်မြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ကနောင်ရဲစခန်းတိုက်ခိုက်ခံရတာနဲ့ပတ်သတ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ မှာ လဟာပေါက်အုပ်စု မဲဇလီကွင်းကျေးရွာမှာနေထိုင်တဲ့ ဦးဇော်မိုး၊ဦးဓါတ်ရှင်၊ဦးညိမ်းမောင်တို၃ဦးကို စစ်ကောင်စီတပ်သားတွေကအကြောင်းမဲ့လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး လက်ရှိမှာ ဦးညိမ်းမောင်တစ်ဦးသာပြန်လည်လွှတ်မြောက်လာသေးတယ်လို့ သိရပါတယ်။
ကျန် ၂ ဦးဖြစ်တဲ့ ဦးဇော်မိုးနဲ့ ဦးဓါတ်ရှင်တို့ ၂ဦးကိုတော့ မြန်အောင်မြို့ရဲစခန်းမှာ ပုဒ်မတပ်ကာအရေးယူထားခြင်းမရှိပဲ ဖမ်းဆီးထားကာ ရိုက်နှက်စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရှိရပြီး ၁ လနီးပါးကြာတဲ့အထိ မိသားစုနဲ့အဆက်အသွယ်မရသေးတာကြောင့် သူတို့ ၂ ဦးရဲ့ အသက်အန္တရာယ်အတွက် မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။
ကနောင်နယ်မြေစခန်းကို နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်းက Red Dragon Revolution Force (နဂါးနီတော်လှန်ရေးတပ်ဖွဲ့)က လက်လုပ်ဗုံးသီးပစ်လောင်ချာဖြင့် ငါးချက်ပစ်ခတ်ခဲ့သည့်အပြင် ၊လက်လုပ်လက်ပစ် ဗုံး နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး၊ ၁၀မိနစ်ခန့် အပြန် အလှန်ပစ်ခတ်မှုများရှိခဲ့တယ်လို့လူမှုကွန်ရက်စာမျက်နှာမှာထုတ်ပြန်ကြေငြာထားပါတယ်။
ခုလို Red Dragon Revolution Force (နဂါးနီတော်လှန်ရေးတပ်ဖွဲ့)ကတိုက်ခိုက်ကြောင်း ကြေငြာချက်ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီတပ်က ရဲစခန်းအနီးဝန်းကျင်ရှိ ကျေးရွာတွေက ဒေသခံပြည်သူတွေကို စွပ်စွဲဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် ဒေသခံအချို့လည်း ထွက်ပြေးရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။
#မြန်အောင် #ကနောင် #ရဲစခန်း #တိုက်ခိုက်ခံရ #စွပ်စွဲဖမ်းဆီး #မိသားစု #အဆက်အသွယ်မရ
#Ayeyarwaddy_Times