ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၉ ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်အလယ်ရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းအား လက်လုပ်မိုင်းများဖြင့် ဇန်နဝါရီလ ၇ ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း One Star task Force အဖွဲ့ထံကသိရသည်။
အဆိုပါ ဆားလင်းကြီးနယ်အတွင်း စစ်ကြောင်းထိုးနေသည့် အင်အား ၇၀ ဝန်းကျင်ပါစစ်ကြောင်းကို လက်နက်ကြီး လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
“ကျွန်တော်တို့ အဲဲ့ဒီစစ်ကောင်စီစစ်ကြောင်းကို မမများနဲ့ ပွဲကမယ် (စစ်ကိုင်း ပရောဂျက်)မှ ထောက်ပံ့ပေးထားတဲ့ ၆၀ မမလက်နက်ကြီး အဖူး ၃ ဖူးနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ မြေပြင်သတင်းပေးချက်အရ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးတယ်လို့ အတည်ပြုလို့ရပါတယ်” ဟု ဗိုလ်အောက်ဆွဲ က ဧရာဝတီတိုင်းမ်ကိုပြောသည်။
၎င်း တိုက်ပွဲကို ယင်းမာပင်ခရိုင်တပ်ရင်း(၁၆)တပ်ခွဲ(၂) One Star task Force နှင့်အတူ ယင်းမာပင်ခရိုင်တပ်ရင်း(၁၆)UFM အထူးကွန်မန်ဒိုအဖွဲ့၊ ယင်းမာပင်ခရိုင်တပ်ရင်း(၁၄)SSTF နှင့် ဆားလင်းကြီး GZ အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။